Samsung နဲ့ Huawei တို့ဟာ ခေါက်ချိုးသုံးနိုင်တဲ့ဖုန်းကို သူ့ထက်ငါ အရင် ထုတ်လုပ်၊ မိတ်ဆက်နိုင်ဖို့ ကြိုးစားနေကြတာ သိကြမှာပါ။
အခုတော့ “Royole” ဆိုတဲ့ နာမည်တခါမှ မကြားဖူးတဲ့ ကုမ္ပဏီ တခုဟာ ကမ္ဘာ့ထိပ်သီး စမတ်ဖုန်းကုမ္ပဏီနှစ်ခုကို ကျော်တက်ပြီး၊ ခေါက်ချိုးသုံးနိုင်တဲ့ဖုန်းကို မိတ်ဆက်လိုက်ပါပြီ။ အမှန်တကယ် ဝယ်ယူနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ခေါက်ချိုးဖုန်းလို့ ဆိုရင်လည်း မမှားပါဘူး။
ကမ္ဘာ့ပထမဆုံး ဈေးကွက်ဝင် ခေါက်ချိုးဖုန်းဖြစ်တဲ့ Royole FlexPai ဟာ စမတ်ဖုန်းနဲ့ Tablet နှစ်မျိုးစပ် ဆိုရင် ပိုမှန်ပါမယ်။ ၇ ဒဿမ ၈ လက်မအရွယ် 1920 x 1440 AMOLED ပါဝင်ပြီး၊ Display ကို စာအုပ်တအုပ်လို အလယ်က ခေါက်ချိုး သုံးနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းကို ခေါက်ထားမယ်ဆိုရင် အရှေ့ဘက် အဓိက Display က 1440 x810 pixels မျက်နှာပြင် ဖြစ်သွားပြီး၊ နောက်ဘက် က 1440 x 720 Display နဲ့ ဖြစ်သွားမှာပါ။ ဒါ့အပြင် အလယ်ကျောရိုးက 1440 x 390 Display ကလည်း တတိယ မြောက် Display အဖြစ် သပ်သပ်အလုပ်လုပ်မှာ ဖြစ်ပါတယ်။
“အရှေ့ဘက်နဲ့ အနောက်ဘက်က Screen တွေကို အပြန်အလှန် ဆက်သွယ်အသုံးပြုနိုင်သလို၊ သီးသန့် Screen တခုစီ အဖြစ်လည်း အသုံးချနိုင်ပါတယ်။ ‘Edge screen side bar’ လို့ အမည်ပေးထားတဲ့ ဘေးဘက် ကျောရိုးစခရင်ကိုလည်း ဖုန်းအဝင်အထွက်၊ မက်ဆေ့နဲ့ Notifications တွေကို ဖော်ပြဖို့ သုံးနိုင်ပါတယ်” လို့ Royole က ဆိုပါတယ်။
Tablet အနေနဲ့ သုံးမယ်ဆိုရင် 190.35 x 134 x 7.6mm အရွယ်အစားနဲ့ 320 grams အလေးချိန် ရှိပါတယ်။ ခေါက်ထားရင်တော့ ဘယ်လောက် အထူရှိမလဲဆိုတာ အတိအကျ မသိရပါဘူး။ ဒါပေမဲ့ Display ၂ ခုက ပူးကပ်နေမှာ မဟုတ်တဲ့အတွက် တော်တော်တော့ ထူမှာပါ။ ၁၅ ဒဿမ၂ မီလီမီတာလောက် အထူ ရှိနိုင်ပါတယ်။
“ခေါက်ချိုးနိုင်တဲ့ Royole FlexPai ဟာ ရိုးရိုးဖုန်းတွေထက် တမူ ထူးခြား ဆန်းသစ်တဲ့ အသုံးပြုမှု အတွေ့အကြုံကို အသုံးပြုသူတွေအတွက် ပေးစွမ်းနိုင်မှာပါ” လို့ Royole တည်ထောင်သူနဲ့ CEO ဖြစ်သူ Dr.Bill Liu က ပြောကြားပါတယ်။
FlexPai ဖုန်းကို နှစ်သက်ရာဘက် ခေါက်ချိုးအသုံးပြုနိုင်ပြီး၊ ခေါက်ချိုးမှုအကြိမ်ပေါင်း ၂ သိန်းအထိ ခံနိုင်ရည် ရှိတယ်လို့ ဆိုထားပါတယ်။ Royole FlexPai မှာ Qualcomm ရဲ့ မျိုးဆက်သစ် Snapdragon 8 စီးရီး Chipset ကို အသုံးပြုထားတယ်လို့ ကုမ္ပဏီက ဆိုထားတာကြောင့် Snapdragon 845 SoC ဖြစ်ဖို့ များပါတယ်။
8GB RAM ပါဝင်ပြီး၊ Internal Storage ကတော့ 256GB အထိ ပါဝင်မှာပါ။ microSD ကတ်ကနေလည်း နောက်ထပ် 256GB ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ WaterOS 1.0 နဲ့ အသုံးပြုရမှာဖြစ်ပြီး၊ Android 9 Pie အခြေခံစနစ် ဖြစ်တာကြောင့် နောက်ဆုံးပေါ် Android စနစ်နဲ့ အသုံးပြုရမှာပါ။ 16 နဲ့ 20-megapixel ကင်မရာဆန်ဆာတွေ ပါဝင်ပြီး၊ 3800mAh ဘက်ထရီ၊ လက်ဗွေရာဆန်ဆာတို့နဲ့ ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး ခေါက်ချိုးသုံးနိုင်တဲ့ Royole FlexPai ကို လောလောဆယ် တရုတ်နိုင်ငံမှာပဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 128GB မော်ဒယ်ကို ၁၂၀၉ ပေါင် ကျသင့်မှာဖြစ်ပြီး၊ 256GB ကို ၁၃၄၉ ပေါင် ဆိုတော့ ဈေးကတော့ အမြင့်စားပါပဲ။ လာမယ့် ဒီဇင်ဘာလနှောင်းပိုင်းလောက်မှာ စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: Trusted Reviews, The News Minute