ရေစိုခံနိုင်တဲ့ စမတ်ဖုန်းမော်ဒယ်တွေ အများအပြား ရှိပေမယ့်၊ ရေစိုခံနိုင်တဲ့ Tablet တွေကိုတော့ သိပ်တွေ့ရလေ့ မရှိပါဘူး။
ယခု Honor ကနေ မိတ်ဆက်လိုက်တဲ့ Tablet မော်ဒယ်အသစ်ကတော့ ရေနဲ့ ဖုန်မှုန့်စိမ့်ဝင်မှု ခံနိုင်ရည် IP67 အဆင့် သတ်မှတ်ချက် ရရှိထားတဲ့ Tablet တလုံးပါ။ မနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ ၁၀ လက်မအရွယ် WaterPlay ကို အသေးစား ဗားရှင်းအဖြစ် ပြန်လည်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ယခု WaterPlay Tablet အသစ်မှာ ၈ လက်မအရွယ် 1920 x 1200 pixels WUXGA စခရင်၊ Kirin 659 Chipset တို့ကို အသုံးပြုထားပြီး၊ Android 8.0 Nougat စနစ်အခြေခံ EMUI 8.0 နဲ့ ဖြစ်ပါတယ်။ Chipset က အရင်မော်ဒယ်နဲ့ အတူတူပါပဲ။ 4GB RAM နဲ့ 64GB Storage တို့ ပါဝင်မှာဖြစ်ပြီး၊ အသင့်ပါတဲ့ microSD ကတ် အပေါက်ကနေလည်း နောက်ထပ် 256GB အထိ ထပ်စိုက်နိုင်ပါတယ်။
Huawei ရဲ့ Histen 5.0 3D ပတ်လည်အသံပြေးနည်းပညာ ပါဝင်တဲ့ စတီရီယို စပီကာနှစ်လုံးလည်း ပါဝင်ပါတယ်။ လက်ဗွေရာဆန်ဆာ ပါဝင်တဲ့ Home Button ကိုလည်း Tablet အရှေ့မှာ တွေ့မြင်ရမှာပါ။
Honor WaterPlay မှာ 13-megapixel နဲ့ 2-megapixel ကျောကင်မရာနှစ်လုံးတွဲကို ထည့်သွင်းထားပြီး၊ နောက်ခံဝါးတဲ့ Portrait ပုံတွေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ 8-megapixel ကင်မရာဖြစ်ပြီး၊ Face Unlock စနစ်ပါဝင်ပါတယ်။ ကိုယ်ထည်ကို သတ္တုနဲ့ အပြည့်အုပ်ထားပြီး၊ 5,100mAh ဘက်ထရီနဲ့ သုံးရမှာပါ။
9V-2A အားအမြန်သွင်းနည်းပညာလည်း သုံးနိုင်ဦးမှာဖြစ်ပါတယ်။ ဖုန်းပြောဆိုမှုတွေ ပြုလုပ်နိုင်တဲ့ 4G မော်ဒယ်လည်း ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂိမ်းကောင်းကောင်းဆော့နိုင်ဖို့အတွက် ကုမ္ပဏီရဲ့ ကိုယ်ပိုင်နည်းပညာ GPU Turbo လည်း ပါဝင်တဲ့ Tablet ဖြစ်ပါတယ်။ GPU လုပ်ဆောင်ရည်ကို ၆၀ ရာခိုင်နှုန်းအထိ ပိုကောင်းစေပြီး၊ ပါဝါသုံးစွဲမှုကို ၃၀ ရာခိုင်နှုန်းအထိ ချွေတာပေးနိုင်မယ့် နည်းပညာပါ။
Honor WaterPlay 8” ကို ရွှေရောင်နဲ့ ငွေရောင် နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 64GB Wi-Fi မော်ဒယ်ကို ၂၁၇ ဒေါ်လာခန့် ရှိပြီး၊ 128GB, Wi-Fi မော်ဒယ်ကိုတော့ ၂၇၅ ဒေါ်လာ ရှိပါတယ်။ 4G LTE သုံးလို့ရမယ့် 64GB မော်ဒယ်လိုချင်ရင်တော့ ၂၆၁ ဒေါ်လာဝန်းကျင် ပေးရမှာပါ။
တရုတ်နိုင်ငံတွင်းကနေ အော်ဒါတင်နိုင်ပြီဖြစ်ကာ နိုဝင်ဘာ ၆ ရက်မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: FoneArena, GizmoChina