အချိန် ၄ နှစ်တာ စောင့်ဆိုင်းပြီးနောက်မှာ ခေါက်ချိုးအသုံးပြုနိုင်တဲ့ ပထမဆုံး Samsung ဖုန်းကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့ဖွယ် ရှိနေပါတယ်။
Samsung ဟာ ယခုတပတ်၊ ဗုဒ္ဓဟူးနေ့ည (ကြာသပတေးနေ့ မနက်) ၁၂ နာရီခွဲမှာ နှစ်စဉ်ကျင်းပနေကျ Developer Conference ကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါပွဲ မတိုင်ခင်မှာ Samsung Mobile ဟာ Facebook နဲ့ Twitter စာမျက်နှာတွေက ပရိုဖိုင်ပုံကို ရုတ်တရက် ပြောင်းလဲလိုက်ပါတယ်။ ပရိုဖိုင်ပုံပြောင်းတယ်ဆိုတာ အထူးအဆန်းတော့ မဟုတ်ပေမယ့်၊ ပြောင်းလိုက်တဲ့ပုံက Samsung အမှတ်တံဆိပ်စာလုံးကို ခေါက်ထားတဲ့ ဒီဇိုင်းဖြစ်နေတာကတော့ စိတ်ဝင်စားစရာပါ။ ဘာကိုဆိုလိုလဲဆိုတာ အထင်းသား ပေါ်လွင်နေပါတယ်။
Samsung ဟာ ၂၀၁၄ ခုနှစ်လောက်ကတည်းက ခေါက်ချိုးသုံးနိုင်တဲ့ Foldable ဖုန်းတမျိုးကို ထုတ်လုပ်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ကတော့ အဆိုပါဖုန်းကို အမှန်တကယ် ထုတ်ပြ၊ မိတ်ဆက်မယ့်နှစ် ဖြစ်လာနိုင်ပါတယ်။
Samsung အနေနဲ့ နိုဝင်ဘာ ၇ ရက်နေ့ပွဲမှာ ရောင်းချဖို့အသင့်ဖြစ်နေတဲ့ Foldable ဖုန်းကို မိတ်ဆက်မလား ဒါမှမဟုတ် ရှေ့ပြေးမော်ဒယ်လောက်ကိုပဲ ပြသသွားမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
လတ်တလော ထွက်နေတဲ့ သတင်းတွေအရ ဆိုရင်တော့ Google နဲ့ လက်တွဲအကောင်အထည်ဖော်ထားတဲ့ Android စနစ်အခြေခံ UI တွေ၊ လုပ်ဆောင်ချက်တွေ စသဖြင့် ဆော့ဖ်ဝဲပိုင်းဆိုင်ရာကိုပဲ အလေးပေးပြသသွားမယ်လို့ သိထားရပါတယ်။
Samsung နည်းတူ LG နဲ့ Huawei ကုမ္ပဏီတို့ကလည်း ခေါက်ချိုးသုံးနိုင်တဲ့ ဖုန်းမျိုး ထုတ်လုပ်ဖို့ ကြိုးစားလျက် ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာ့ပထမဆုံး ခေါက်ချိုးသုံးနိုင်တဲ့ဖုန်း ဂုဏ်ပုဒ်ကိုတော့ Royole ရဲ့ FlexPai ဖုန်းက ရရှိခဲ့ပြီး ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ကမ္ဘာ့ပထမဆုံး ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းကို စတင် မိတ်ဆက်
ခေါက်ချိုးအသုံးပြုနိုင်တဲ့ 5G စမတ်ဖုန်းထုတ်ဖို့ လုပ်နေကြောင်း Huawei ပြောကြား
Samsung ထက်အရင် ခေါက်ချိုးဖုန်းထုတ်ဖို့ ကြိုးစားနေတဲ့ Huawei
ပထမဆုံး Galaxy ခေါက်ဖုန်းကို ယခုနှစ်အတွင်း မြင်တွေ့ရဖို့ရှိကြောင်း Samsung အတည်ပြု
Ref: PC World, The Verge