Nokia အမှတ်တံဆိပ် Android စမတ်ဖုန်းတွေကို အောင်မြင်စွာ ထုတ်လုပ်၊ ရောင်းချနေတဲ့ HMD Global ကုမ္ပဏီဟာ နောက်ထပ် အမိုက်စား Nokia ဖုန်းတလုံးကို ထပ်ထုတ်ဖို့ ရှိပါတယ်။
“Nokia 9 PureView” လို့ နာမည်ပေးထားပြီး၊ လောလောဆယ် “Olympic” ဆိုတဲ့ နာမည်ဝှက်နဲ့ ထုတ်လုပ်လျက် ရှိတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ အထူးခြားဆုံး အချက်ကတော့ ကျောကင်မရာ ၅ လုံး Penta-lens setup ပါဝင်လာမှာပါ။ စက်ဝိုင်း ၅ ခုပါ အိုလံပစ်အမှတ်တံဆိပ်ကို အမှီပြုပြီး “Olympic” ဆိုတဲ့ ကုဒ်နာမည်ပေးထားတာ ဖြစ်နိုင်ပါတယ်။
HMD Global ဟာ ကျောကင်မရာ စုစုပေါင်း ၅ လုံးအထိ ပါဝင်တဲ့ စမတ်ဖုန်း တမျိုးကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ တော်တော်ကြာမြင့်ခဲ့ပါပြီ။ ၂၀၁၈ အတွင်း ထုတ်သွားမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုပုံစံအတိုင်းဆိုရင်တော့ ၂၀၁၉ ခုနှစ်ကျမှ ထုတ်တော့မယ့် အခြေအနေမှာ ရှိပါတယ်။ လာမယ့်နှစ် အစောပိုင်းမှာ ကျင်းပမယ့် MWC 2019 ပွဲမှာ စတင်မြင်တွေ့ရဖို့ များပါတယ်။
Nokia 9 PureView စမတ်ဖုန်းဟာ Google ရဲ့ နောက်ဆုံး OS ဗားရှင်း Android 9 Pie နဲ့ ထွက်ရှိလာမယ့် ဖုန်းတလုံးဖြစ်ပြီး၊ လက်ရှိ အသုံးများလာတဲ့ In-Display Fingerprint Sensor ကိုလည်း ဒီဖုန်းမှာ တွေ့မြင်ရဖို့ ရှိပါတယ်။
ဖုန်းရဲ့ ကျောကင်မရာကိုတော့ စုစုပေါင်း ၅ လုံးအထိ အသုံးပြုသွားမှာဖြစ်ပြီး၊ ကြိုးမဲ့အားသွင်းစနစ်လည်း ပါဝင်လာမှာ ဖြစ်တယ်လို့ သိထားရပါတယ်။
Ref: Gadgets NDTV