စောင့်ဆိုင်းရတဲ့ အချိန်တွေ ကုန်လွန်သွားခဲ့ပါပြီ။ Samsung ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းကို ဗုဒ္ဓဟူးနေ့ညက ပြုလုပ်ခဲ့တဲ့ SDC (Samsung Developer Conference) ပွဲမှာ တရားဝင် မိတ်ဆက်ပြသသွားခဲ့ပါတယ်။
ရှေ့ပြေးမော်ဒယ်အနေနဲ့ပဲ ရှိသေးပြီး၊ မကြာမီလအနည်းငယ်အတွင်း ဈေးကွက်ဝင်ထုတ်လုပ်သွားဖို့ ရှိပါတယ်။
Samsung ဟာ ယခု ပြသသွားတဲ့ ခေါက်ချိုးဖုန်းနည်းပညာ (Foldable Phone Technology) ကို Infinity Flex Display လို့ အမည်ပေးထားပါတယ်။ ဒီတိုင်းကြည့်မယ်ဆိုရင် ပုံမှန်ဖုန်းတလုံးအတိုင်းဖြစ်ပြီး၊ စာအုပ်တအုပ်လို ဆွဲဖွင့်လိုက်မယ် ဆိုရင်တော့ Tanlet အရွယ်အစားရှိတဲ့ စခရင်ဖြစ်သွားတာကို တွေ့မြင်ခဲ့ရပါတယ်။
Samsung ဟာ ယခု Foldable Phone ကို ပြသစဉ်မှာ မီးအလင်းရောင်ကို တမင်တကာ မှိန်ပစ်လိုက်တာကြောင့် ဖုန်းရဲ့ ဒီဇိုင်းကိုတော့ ထင်ထင်ရှားရှားမြင်တွေ့ခွင့် မရခဲ့ပါဘူး။ ဒီဇိုင်းပုံစံကို ကာကွယ်ဖို့ အတွက်လည်း ပါပါတယ်။
လက်ရှိအဆင့်မှာတော့ Samsung ရဲ့ Foldable Phone ဟာ ခေါက်ပြီး သာမန်အနေအထားအတိုင်း အသုံးပြုမယ်ဆိုရင် အရင်က ကီးပတ်ဖုန်းတွေပုံစံအတိုင်းပါပဲ။ အနည်းငယ်ထူနေတာကို သိသိသာသာ မြင်တွေ့ရမှာပါ။
ဒါပေမယ့် အပေါ်ကာဗာ Display ကို စာအုပ်အဖုံးဖွင့်သလို နောက်ဘက်ဆွဲလှန်လိုက်မယ်ဆိုရင်တော့ အထဲမှာ Tablet အရွယ် ၇.၃ လက်မ Display တခု ဖြစ်သွားပါတယ်။ ခေါက်ပြီး ယူသွားမယ်ဆိုရင် အိတ်ကပ်ထဲပါ အလွယ်တကူ ထည့်သယ်သွားနိုင်တဲ့ ဒီဇိုင်းပါ။
ယခုဖုန်းမှာ Apps သုံးခုအထိ တပြိုင်တည်း အသုံးပြုနိုင်မှာဖြစ်ကြောင်းကိုလည်း Samsung က လက်တွေ့ပြသကာ ပြောကြားသွားခဲ့ပါတယ်။ Multi active window လို့ အမည်ပေးထားပြီး၊ Google ကိုယ်တိုင်က ယခု Foldable Devices တွေမှာ Android OS နဲ့ Apps တွေ အဆင်ပြေပြေသုံးနိုင်ဖို့အတွက် တရားဝင် Support ပေးသွားမှာလည်း ဖြစ်ပါတယ်။
Samsung ရဲ့ Mobile Product Marketing အကြီးအကဲ SVP ဖြစ်သူ Justin Denison က ယခု “Infinity Flex Display” ကို လာမယ့်လ အနည်းငယ်အတွင်းမှာ အများအပြားထုတ်လုပ်သွားဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဘယ်တော့လောက် ဈေးကွက်ထဲ တွေ့မြင်ရမလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
Samsung ဟာ Foldable Phone ရှေ့ပြေးမော်ဒယ်ကို ပြိုင်ဘက် Huawei ထက် အရင်မိတ်ဆက် ပြသနိုင်ခဲ့ပေမယ့်၊ ကမ္ဘာ့ပထမဆုံး ဂုဏ်ပုဒ်ကိုတော့ မရတော့ပါဘူး။ Royole ဆိုတဲ့ ကုမ္ပဏီဟာ FlexPai အမည်ရ ကမ္ဘာ့ပထမဆုံး ခေါက်ချိုးဖုန်းကို တရားဝင် မိတ်ဆက်ပြီး ဖြစ်တာကြောင့်ပါ။ FlexPai ဖုန်းကိုတော့ ရှေ့လအတွင်း စတင်ရောင်းချသွား တော့မှာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Samsung ရဲ့ ပထမဆုံး ခေါက်ချိုးဖုန်းကို ယခုတပတ်တွင်း တွေ့မြင်ရဖွယ်ရှိ
Ref: The Verge