တန်ဖိုးသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ ဖုန်းနဲ့ တခြား အီလက်ထရောနစ်ပစ္စည်းတွေကြောင့် နာမည်ကျော်တဲ့ Xiaomi ဟာ AirDots လို့ ခေါ်တဲ့ နားကြပ်အသစ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။
Xiaomi ရဲ့ AirDots ဟာ Apple ရဲ့ AirPods ပုံစံ ကြိုးမဲ့နားကြပ်တွေဖြစ်ပြီး၊ ဒေါ်လာ ၃၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
AirPods အတိုင်း နားကြပ်ကို Tap ထိပြီး ထိန်းချုပ်တဲ့ပုံစံ၊ နားကြပ်ထည့်ပြီး အားသွင်းလို့ရတဲ့ ဘူးစတဲ့ လုပ်ဆောင်ချက်တွေကအစ တူညီတာ တွေ့ရပါတယ်။ AirPods နဲ့ မတူတာကတော့ နားကြပ်ထိပ်မှာ ဆီလီကွန် အစွပ်လေးတွေ ပါဝင်တာကြောင့် အသံ ပိုလုံဖွယ် ရှိပြီး၊ နားထဲမှာလည်း ပိုမိုမြဲမြံစွာ တပ်ဆင်နိုင်မှာပါ။ Bluetooth 5.0 စနစ် အသုံးပြု နိုင်ပါတယ်။
Xiaomi AirDots ကို ၁၉၉ ယွမ် (၂၉ ဒေါ်လာ) နဲ့ တရုတ်နိုင်ငံမှာ ကြိုတင်အော်ဒါမှာယူနိုင်ပါပြီ။ အသံအရည်အသွေး ပိုင်းကတော့ AirPods ကို မှီဖို့ မလွယ်ပါဘူး။
AirDots နားကြပ်တဖက်စီက အလေးချိန် ၄ ဒဿမ၂ ဂရမ်ပဲ ရှိတာကြောင့် ပေါ့ပါးပြီး၊ 7.2mm driver နဲ့ ဖြစ်ပါတယ်။ အားတခါ သွင်းထားရင် ၄ နာရီအထိ နားထောင်နိုင်ပြီး၊ နားကြပ် တဖက်ပဲ တပ်၊ နားထောင်မယ်ဆိုရင်တော့ ၅ နာရီအထိ ခံနိုင်မယ်လို့ သိရပါတယ်။
နားကြပ်ထည့်တဲ့ဘူးကလည်း နားကြပ်ကို ၁၂ နာရီစာလောက် အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။
Ref: The Verge, GSM Arena