ယခုတပတ် ကျင်းပပြုလုပ်ခဲ့တဲ့ Samsung Developer Conference (SDC) 2018 မှာ Microsoft ဟာ Project xCloud နည်းပညာကို အမြည်းမိတ်ဆက်သွားခဲ့ပါတယ်။
Project xCloud ဟာ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ Console နဲ့ PC ဂိမ်းတွေကို အဆင်သင့်ကစားနိုင်အောင် ပြုလုပ်ပေးမယ့် Game Streaming နည်းပညာတခု ဖြစ်ပါတယ်။ Microsoft Azure Cloud နည်းပညာကို အဓိကအသုံးပြုသွားမှာပါ။ Microsoft က နှစ်ပေါင်းများစွာ စမ်းသပ်အကောင်အထည်ဖော်နေခဲ့တဲ့ နည်းပညာဖြစ်ပြီး၊ ယခုနှစ်အစောပိုင်းမှာ စတင် မိတ်ဆက်ကြေညာခဲ့တာ ဖြစ်ပါတယ်။
Xbox One မှာ ထွက်ပြီးသား ဂိမ်းပေါင်း ၃,၀၀၀ ကျော် နဲ့ နောက်ထပ်အသစ်ထွက်မယ့် ဂိမ်းထောင်ပေါင်းများစွာကို Project xCloud အတွက် ထပ်မံပြင်ဆင်စရာမလိုဘဲ အဆင်သင့်ထုတ်ပေးနိုင်မှာ ဖြစ်တယ်လို့ Microsoft က ဆိုပါတယ်။
Samsung Galaxy ဖုန်းတွေမှာ Project xCloud ကို အရင် ထုတ်ပေးဖို့ရှိပြီး၊ Halo 5 ၊ Red Dead Redemption 2 စတဲ့ Xbox One ဂိမ်းတွေကို စမတ်ဖုန်းတွေမှာ Streaming လုပ် ကစားနိုင်မှာ ဖြစ်ပါတယ်။
ဂိမ်းတွေကို Xbox Wireless Controller နဲ့ Bluetooth ချိတ်ဆက်ကစားနိုင်မှာဖြစ်သလို၊ လက်ကိုင်ခလုတ်နဲ့ မကစားချင်သူတွေအတွက်လည်း Touch နဲ့ ကစားနိုင်မယ့် Controls ပုံစံတခုကို ဖန်တီးထားပြီး ဖြစ်ပါတယ်။
“ Samsung ဖုန်းကိုင်ဆောင်ထားတဲ့ လူသန်းပေါင်းများစွာဟာ အရည်အသွေးမြင့်ဂိမ်းတွေကို အဆင်သင့် ကစားနိုင်မယ့် အနာဂတ်တခုကို ကျမတို့ အကောင်အထည်ဖော်နေပါတယ်” လို့ Xbox ရဲ့ Gaming Partnerships ဌာန အကြီးအကဲဖြစ်သူ Sarah Bond က SDC 2018 ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
Consoles နဲ့ PC ဂိမ်းတွေကို Device တိုင်းမှာ ကစားနိုင်ဖို့ Streaming လုပ်မယ့် နည်းပညာဟာ သီချင်းနဲ့ ရုပ်ရှင်တွေကို Streaming လုပ်တာထက် အဆပေါင်းများစွာ ပိုမိုခက်ခဲမှာ အမှန်ပါပဲ။ အင်တာနက်ကွန်နက်ရှင်၊ Latency ၊ Network Infrastructure စတဲ့ အခက်အခဲတွေ ရှိလာမှာပါ။
ဒါပေမယ့် ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် Developers နဲ့ Researchers အမြောက်အများကို Microsoft Research မှာ ခန့်အပ်ထားပြီး ဖြစ်ပါတယ်။
Project xCloud ကို ဘယ်တော့ စကစားနိုင်မလဲနဲ့ ဈေးနှုန်း ဘယ်လိုသတ်မှတ်သွားမလဲဆိုတာကိုတော့ Microsoft က မပြောခဲ့ပါဘူး။ ဒါပေမယ့် လာမယ့်နှစ်ထဲမှာ Public Beta စပေးဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့တော့ ဆိုထားပါတယ်။
Game Streaming နည်းပညာသစ်ကို Google က Project Stream ၊ Sony က PlayStation Now စတဲ့ ကိုယ်ပိုင်ပရောဂျက်အသီးသီးနဲ့ အကောင်အထည်ဖော်နေကြပါတယ်။
Ref: Gadgets NDTV, VentureBeat