စမတ်ဖုန်းခေတ်ဖြစ်နေပေမယ့် Samsung ကတော့ ခေါက်ဖုန်း ဆက်ထုတ်နေဆဲပါပဲ။ ဒါပေမယ့် ရိုးရိုးခေါက်ဖုန်းတော့ မဟုတ်ပါဘူး။ Screen နှစ်ခု ၊ ကျောကင်မရာနှစ်လုံး ပါဝင်ပြီး၊ စွမ်းဆောင်ရည်မြင့် Snapdragon 845 Chipset နဲ့ ဖြစ်ပါတယ်။
W2019 လို့ ခေါ်တဲ့ ယခုခေါက်ဖုန်းဟာ Samsung ရဲ့ W စီးရီး Luxury စမတ်ဖုန်းစီးရီးထဲက ဖြစ်ပြီး၊ အရင်မော်ဒယ် တွေအတိုင်း တရုတ်နိုင်ငံနဲ့ နိုင်ငံအချို့မှာပဲ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
အလေးချိန် ၂၅၇ ဂရမ်ရှိပြီး၊ ၄.၂ လက်မ 1080p AMOLED Display နှစ်ခု ကျောချင်းကပ် ပါရှိပါတယ်။ Snapdragon 845 ၊ 6GB RAM တို့ကို အသုံးပြုထားကာ Storage ကိုတော့ 128GB နဲ့ 256GB ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်မှာပါ။ microSD ကတ်လည်း ထပ်စိုက်နိုင်ပါတယ်။ ကျောကင်မရာကိုတော့ 12MP ကင်မရာ နှစ်လုံး တပ်ဆင်ပေးထားပြီး၊ Note 9 အတိုင်း အပါချာပြောင်းနိုင်တဲ့ Variable Aperture နဲ့ ဖြစ်ပါတယ်။
W2019 ရဲ့ နောက်ထပ် Features တွေကတော့ ဘေးဘက်လက်ဗွေရာဆန်ဆာ၊ Slow-motion ဗီဒီယိုတွေကို 960fps နဲ့ ရိုက်ကူးနိုင်မှု၊ SIM နှစ်ကတ် စိုက်နိုင်မှုနဲ့ 3,070mAh ဘက်ထရီ ပါဝင်တာတို့ ဖြစ်ပါတယ်။ Android 8.1 Oreo စနစ်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ 3.5mm နားကြပ်ပေါက်တော့ ပါဝင်တော့မှာ မဟုတ်ပါဘူး။
ဒေါ်လာ ၂၇၀၀ (မြန်မာငွေ ကျပ် သိန်း ၃၀ကျော်) အထိ ပေးရမှာဖြစ်တာကြောင့် W2019 ဖုန်း ဝယ်ယူသူတိုင်းကို အထူးဝန်ဆောင်မှုတွေလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဝန်ဆောင်မှုတွေကတော့ ဖုန်းကို ဘက်တီးရီးယား သန့်စင်ပေးမှု၊ သီးသန့် Hotline တခု နဲ့ အခမဲ့ဆော့ဖ်ဝဲပြင်ဆင်မှု တို့ ဖြစ်ပါတယ်။့တနှစ် နှစ်ကြိမ် Screen နဲ့ ဘက်ထရီ အခမဲ့လဲလှယ်ခွင့်လည်း ရရှိမှာပါ။
Samsung W2019 ဖုန်းကို China Unicom ကနေပဲ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ Rose Gold နဲ့ Platinum အရောင်နှစ်မျိုး ရွေးချယ်နိုင်ပါလိမ့်မယ်။
Ref: Android Police