နှစ်စဉ် ၁၁ လပိုင်း၊ ၁၁ ရက်နေ့မှာ ကျင်းပနေကျ ဖြစ်တဲ့ Alibaba ရဲ့ Singles’ Day ဈေးရောင်းပွဲတော်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်း အရောင်းစံချိန်အသစ်တွေ တင်နိုင်ခဲ့တဲ့ တကမ္ဘာလုံးဆိုင်ရာ ဈေးရောင်းပွဲတော်ဖြစ်ပြီး၊ ဒီနှစ်မှာလည်း အရင်နှစ်က စံချိန်ကို ထပ်ချိုးသွားခဲ့ပါတယ်။
Alibaba ရဲ့ ယခုနှစ် ၁၁ ရက် ၁၁ လ ဈေးရောင်းပွဲတော်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၂၃၀ မှာ ကုန်ပစ္စည်းပေါင်း ဒေါ်လာ ၃၀ ဒဿမ ၈ ဘီလျံဖိုးကို တရက်အတွင်း ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဈေးရောင်းပွဲတော်တုန်းက ၂၅ ဒဿမ ၃ ဘီလျံ ရောင်းချနိုင်ခဲ့တာကြောင့်၊ မနှစ်ကထက် ၂၇ ရာခိုင်နှုန်းအထိ ပိုမိုရောင်းချခဲ့ရတာပါ။
ဈေးရောင်းပွဲတော် စတင်ပြီးနောက် ၈၅ စက္ကန့်အတွင်းမှာတင် ဒေါ်လာ ၁ ဘီလျံဖိုး ရောင်းချခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက် ၁ နာရီအကြာမှာတော့ ဒေါ်လာ ၁၀ ဘီလျံဖိုး ရောင်းချပြီး ဖြစ်ပါတယ်။
Alibaba ရဲ့ Singles’ Day ဈေးရောင်းပွဲတော်ဟာ U.S က ပိတ်ရက်ဈေးရောင်းပွဲတွေနဲ့ ယှဉ်ရင် အပုံကြီး သာလွန်နေတာ တွေ့ရပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော် Black Friday ဈေးရောင်းပွဲတွေတောင်မှ၂၀၁၇ ခုနှစ်မှာ အွန်လိုင်းကနေ ကန်ဒေါ်လာ ၅ ဘီလျံဖိုးပဲ ရောင်းချခဲ့ရပါတယ်။
Apple, Dyson, Gap နဲ့ Nike အပါအဝင် နာမည်ကြီး Brand အမြောက်အများဟာ Alibaba ရဲ့ ယခုနှစ် ဈေးရောင်းပွဲမှာ အကျိုးအမြတ် အများဆုံး ရရှိခဲ့ကြတယ်လို့လည်း သိရပါတယ်။
အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမှုကြောင့် ပစ္စည်းတချို့ ကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် Alibaba ဟာ ယခုနှစ်မှာ ဝင်ငွေကို လျော့ပေါ့ ခန့်မှန်းခဲ့ပေမယ့် အရင်နှစ်တွေထက်တောင် အရောင်းစံချိန် ချိုးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေကြားထဲကနေ ၁ ရက်အတွင်း ဒေါ်လာ ၃၀ ဒဿမ ၈ ဘီလျံ ရောင်းချရနိုင်ဖို့ကတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် Alibaba မှာ လစဉ် မိုဘိုင်းအသုံးပြုသူဦးရေ ၆၆၆ သန်း ရှိတယ်ဆိုတာ သိရင် သိပ်အံ့သြမိမှာ မဟုတ်ပါဘူး။ Alibaba ကို လစဉ်ပုံမှန်အသုံးပြုသူဦးရေဟာ အမေရိကန်နိုင်ငံရဲ့ စုစုပေါင်း လူဦးရေထက်တောင် ၂ ဆ ပိုများနေပါတယ်။
Ref: Engadget