တရုတ်ပြည်က ထိပ်တန်းတက္ကသိုလ်တခုဖြစ်တဲ့ ဘေဂျင်းနည်းပညာတက္ကသိုလ် (Beijing Institute of Technology BIT) ဟာ Experimental Programme for intelligent weapon systems အတွက် ထူးချွန်တဲ့ကျောင်းသားတွေကို ရွေးချယ်ပြီး ၄ နှစ်တာ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ကျောင်းသားပေါင်း အယောက် ၅၀၀၀ ကျော်ထဲကမှ အသက် ၁၈ နှစ်ဝန်းကျင် ယောကျာ်းလေး ၂၇ ယောက်နဲ့ မိန်းကလေး ၄ ယောက် ရွေးချယ်ခံခဲ့ရပါတယ်။
BIT ဟာ တရုတ်ပြည်မှာ ထိပ်တန်းလက်နက် သုတေသနပြုလုပ်ရေး တက္ကသိုလ်တခုဖြစ်ပြီး အခုအစီအစဉ်ကတော့ စစ်တပ်မှာအသုံးပြုဖို့ လက်နက်တွေအဆင့်မြှင်တင်ရေးအတွက် ရည်ရွယ်ပါတယ်။ နည်းပညာပိုင်းမှာ လျှော့တွက်ထားလို့ မရတဲ့ တရုတ်ဟာ ခြေလှမ်းကြဲကြီးနဲ့ ရှေ့ဆက်နေပါတယ်။
“ကလေးတွေကတော့ အရမ်းတော်ပါတယ်။ ဒါပေမဲ့ တော်ရုံနဲ့ မလုံလောက်သေးဘူး။ ကျနော်တို့က တီထွင်ဖန်တီး ဉာဏ်ကောင်းသူ၊ ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်မှုနဲ့ စိတ်ရှည်သည်းခံနိုင်တဲ့သူမျိုးကို လိုအပ်ပါတယ်’’ လို့ BIT က အမည်မဖော်လိုသူ ပရော်ဖက်ဆာတဦးက ပြောပါတယ်။
“လက်နက်အသစ်တွေ ထုတ်လုပ်ဖို့အတွက် စိတ်ပါဝင်စားပြီး မျိုးချစ်စိတ်ရှိသူတွေ ဖြစ်ရမယ်”လို့လည်း သူက ဆိုပါတယ်။ ကျောင်းသား ၂ ယောက်စီကို စီနီယာသုတေသနပညာရှင်တွေက လေ့ကျင့်သင်ကြားပေးသွားမှာပါ။ ပထမ ပညာသင် နှစ်ဝက်ကာလ ပြီးဆုံးတဲ့အခါ ကိုယ်ကြိုက်နှစ်သက်ရာ နယ်ပယ်ကို ရွေးချယ်ရမှာပါ။
Mechanical Engineering, Electronic, Overall weapon Design စတဲ့ဘာသာရပ်တွေကို ရွေးချယ်ရမှာဖြစ်သလို လက်တွေ့သင်ကြားရေးအတွက်လည်း ဓာတ်ခွဲခန်းတွေ စီစဉ်ပေးထားမှာဖြစ်ပါတယ်။
ဒီအစီအစဉ်နဲ့ပတ်သက်ပြီး United Nations University ရဲ့ ဆိုက်ဘာနည်းပညာတိုးတက်ရေး သုတေသနပြုအဖွဲ့က Eleonore Pauwels က “ဒီအစီအစဉ်ဟာ လူငယ်မျိုးဆက်တွေကို စစ်ဘက်ဆိုင်ရာ AI (Artificial Intelligence) weapon တွေကို ထုတ်လုပ်ဖို့၊ ဒီဇိုင်းဆွဲဖို့ အားပေးအားမြှောက်ပြုရာ ရောက်တယ်။ တကမ္ဘာလုံးက တက္ကသိုလ်တွေထဲမှာ ပထမဆုံး ပြုလုပ်တဲ့ programme တခုလည်း ဖြစ်တယ်။ အခုလုပ်ဆောင်မယ့် အစီအစဉ်ဟာ အင်အားကြီးမားသလို ပြဿနာတွေလည်း ဖြစ်လာနိုင်တယ်”လို့ ဆိုပါတယ်။
ဒီ BIT ရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက AI နည်းပညာကိုအသုံးပြုပြီး စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာပိုင်းတွေမှာ ပိုမိုတိုးတက်ဖို့ရည်ရွယ်တယ်လို့ ပြန်လည် ချေပပါတယ်။
University of California က centre for intelligence system ရဲ့ ဒါရိုက်တာဖြစ်သူ Stuart Russell က “ဒီဟာက အရမ်းဆိုးတဲ့ အိုင်ဒီယာပဲ။ စက်ပစ္စည်းတွေဟာ လူသားတွေကိုသေကြေစေဖို့ သုံးရမှာ မဟုတ်ဘူး။ ဒီလိုမျိုး လက်နက်တွေဟာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်သလို စစ်ပွဲတွေ ဖြစ်နိုင်ခြေလည်း ပိုများလာစေနိုင်တယ်လို့’’ မှတ်ချက်ပေးပါတယ်။
ဒီလိုမျိုး ဝေဖန်ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ဘေဂျင်းဘက်က ပြန်လည်ချေပ ပြောဆိုထားတာကြောင့် ဒီအစီအစဉ် တကယ် စတင်လာတဲ့အခါ ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref ; www.scmp.com