Samsung ဟာ တီဗီရုပ်သံလိုင်း ပြောင်းတာ၊ အသံအတိုးအချဲ့ လုပ်တာတွေကို ဦးနှောက်နဲ့ ထိန်းချုပ်နိုင်မယ့် TV စနစ်တခုကို အကောင်အထည်ဖော်လျက် ရှိပါတယ်။
Project Ponthius လို့ အမည်ပေးထားပြီး၊ တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီ Samsung နဲ့ ဆွစ်ဇာလန် နိုင်ငံက EPFL တက္ကသိုလ်ရဲ့ Neuroprothetics ဌာနတို့ ပူးတွဲ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ဒီပရောဂျက်ရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေအနေနဲ့ တခြားလူတယောက်ရဲ့ အကူအညီမလိုအပ်ဘဲ မိမိစိတ်ကြိုက် ရုပ်သံလိုင်းတွေကို ကြည့်ရှုနိုင်စေဖို့ပါ။
Samsung ဟာ Project Pontis စနစ်ရဲ့ ရှေ့ပြေးတီဗီမော်ဒယ်တခုကို ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်ခဲ့တဲ့ Developer Conference မှာ ပြသခဲ့ပါတယ်။
Project Pontis ဟာ ဦးနှောက်နဲ့ ကွန်ပျူတာကို ပေါင်းကူးချိတ်ဆက်ပေးတဲ့ Brain Computer Interface (BCI) စနစ်ကို အသုံးပြုကာ တီဗီကြည့်သူနဲ့ တီဗီတို့ကို ဆက်သွယ် ချိတ်ဆက်ပေးမယ့် စနစ်တခုဖြစ်ပါတယ်။ BCI မှာ မျက်လုံးလှုပ်ရှား မှုကို ခြေရာခံပေးတဲ့ Eye-motion Tracker နဲ့ အာရုံခံဆန်ဆာပေါင်း ၆၄ ခုအထိ ပါဝင်ပါတယ်။
ခေါင်းစွပ်ဟာ ဦးနှောက်ဆဲလ်တွေ အချင်းချင်း ဆက်သွယ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အချက်ပြလှုပ်စစ်လှိုင်းတွေကို စိစစ်၊ ဖမ်းယူနိုင်ပါတယ်။ ထို့နောက် အဆိုပါဦးနှောက်လှိုင်းတွေက ရရှိတဲ့ ဒေတာတွေကို အသုံးပြုပြီး၊ “ချန်နယ်ပြောင်းမယ်” စသဖြင့် အတွေးတခုခု ဖြစ်ပေါ်တဲ့အခါ ဦးနှောက်က ဘယ်လို ပြုမူလုပ်ဆောင်လဲ ဆိုတာကို သိပ္ပံပညာရှင်တွေက ပြန်လည်လေ့လာခဲ့ကြတာပါ။
လက်ရှိမှာ ယခုစနစ်ဟာ ဦးနှောက်လှိုင်းနဲ့ မျက်စိလှုပ်ရှားမှု အချက်အလက်တွေကို အသုံးချကာ တီဗီကို အဝေးက ထိန်းချုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ဦးနှောက်လှိုင်းတွေကိုပဲ အသုံးပြုထိန်းချုပ်မယ့် နောက်ထပ်ဗားရှင်းတခုကိုလည်း အကောင်အထည်ဖော်လျက်ရှိတယ်လို့ သိရပါတယ်။
Samsung ဟာ လာမယ့်နှစ်ထဲ ဆွစ်ဇာလန်ဆေးရုံတွေမှာ ယခုစနစ်ရဲ့ ရှေ့ပြေးမော်ဒယ်တခုကို စတင်စမ်းသပ်သွားဖို့ ရှိပါတယ်။
ယခုနည်းပညာဟာ အကြောသေရောဂါဝေဒနာရှင်လိုမျိုး လှုပ်ရှားမှုပိုင်း အခက်အခဲရှိသူတွေကို ကူညီပေးနိုင်မယ့် နည်းပညာတခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့အတွက်ကတော့ အချိန်ကြာကြာ လိုအပ်ဦးမှာပါ။
လက်ရှိ ရှေ့ပြေးမော်ဒယ်မှာ အသုံးပြုသူတွေအနေနဲ့ ဆန်ဆာပါ ခေါင်းစွပ် မစွပ်ခင် ဦးခေါင်းမှာ ဂျဲလ်တွေ သုတ်လိမ်း ထားဖို့ လိုအပ်ပါတယ်။ ဦးခေါင်းမှာ ဂျဲလ်သုတ်ရမှာထက်စာရင် ရီမုတ်ပျောက်လို့ လိုက်ရှာရတာကမှ ပိုလွယ်နေပါဦးမယ်။
Ref: DailyMail, Telegraph