Apple ပူးတွဲတည်ထောင်သူ Steve Wozniak က လက်ရှိ Apple ကုမ္ပဏီအပေါ် သူ့ရဲ့ အမြင်တွေကို CNBC နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
Woz က နည်းပညာထက် အသုံးပြုသူအပေါ် ဆက်လက်ဦးစားပေးလုပ်ဆောင်နေတဲ့ Apple ကို သဘောကျမိကြောင်းနဲ့ Steve Jobs သာရှိရင်လည်း ဝမ်းသာမဆုံး ဖြစ်နေမှာလို့ ပြောသွားခဲ့ပါတယ်။
“ သူ (Steve Jobs) သာရှိရင်လည်း အသုံးပြုသူအပေါ် ပိုမိုအလေးထားပြီး၊ နည်းပညာထက် လူသားတွေကို အရေးပေး လုပ်ဆေင်နေတဲ့ Apple ကို ဝမ်းသာမဆုံးဖြစ်နေမှာပါ။ Steve လည်း ဒီအတိုင်း ခံယူလုပ်ဆောင်ခဲ့တာပါ။ နည်းပညာထက် စာရင် အသုံးပြုသူတွေက ပိုအရေးကြီးပါတယ်။ လူတွေဟာ နည်းပညာနဲ့ သူ့ရဲ့ စွမ်းပကားအောက်မှာ သားကောင် မဖြစ်သင့်ပါဘူး။ လူသားဘဝကို လူသားဆန်ဆန် ဖြတ်သန်းဖို့ လိုအပ်ပါတယ်” လို့ Woz က ဆိုပါတယ်။
တီထွင်ဆန်းသစ်မှုအကြောင်း မေးမြန်းရာမှာတော့ Woz က လူသားတွေရဲ့ ဘဝကို အမှန်တကယ်ပြောင်းလဲစေခဲ့တဲ့ တီထွင်ဆန်းသစ်မှုတွေကို Apple ပဲ အရင်ဆုံး လုပ်နိုင်ခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။ Woz က သူဟာ Samsung လို တခြား Android ဖုန်းတွေကို စူးစမ်းအသုံးပြုကြည့်သူတဦး ဖြစ်ပေမယ့်၊ ပြုံးလိုက်ရင် ဓာတ်ပုံရိုက်ပေးတာလိုမျိုး Feature တွေဟာ အပျော်သက်သက် Feature တွေသာ ဖြစ်ပြီး၊ တကယ့် တီထွင်ဆန်းသစ်မှု မဟုတ်ဘူးလို့ ဆိုပါတယ်။
“Touch ID မှာဆိုရင်လည်း တခြားဖုန်းကုမ္ပဏီတိုင်းလိုလို Apple ကို လိုက်ကူးယူခဲ့ကြပါတယ်။ ငွေပေးချေရ လွယ်ကူတဲ့စနစ်တခုကို ဖော်ဆောင်ခဲ့ရာမှာလည်း ပထမဆုံးဖော်ဆောင်ခဲ့တာကလည်း Apple ပါ။ ဖုန်းကို ဖွင့်စရာမလို၊ Unlock လုပ်နေစရာမလို၊ App လိုက်ရှာစရာမလို”
“ Credit Card နံပါတ်တွေ ဘာမှ ထည့်စရာမလိုဘဲ၊ ဖုန်းကို စက်ပေါ် တင်ပြီး၊ လက်နဲ့ စစ်ဆေးအတည်ပြုပေးလိုက်ရုံပါပဲ။ တခြားကုမ္ပဏီတိုင်း ဖုန်းနဲ့ အလွယ်တကူ ငွေပေးချေနိုင်မယ့် စနစ်တွေကို လိုက်ဖန်တီးခဲ့ရတဲ့ အဓိကတီထွင်ဖန်တီးမှုတွေ ပါ” လို့ Woz က ဂုဏ်ယူစွာ ပြောကြားသွားခဲ့ပါတယ်။
Ref: 9to5Mac