Facebook CEO Mark Zuckerberg က သူ့ရဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်အားလုံးကို Android ဖုန်းတွေပဲ အသုံးပြုဖို့ ညွှန်ကြားခဲ့ပါတယ်။ Android စနစ်ဟာ တကမ္ဘာလုံးမှာ သုံးစွဲသူဦးရေ ပိုများတာကြောင့် Android ဖုန်းပဲ သုံးခိုင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
MSNBC အင်တာဗျူးတခုမှာ Apple CEO Tim Cook က Facebook ဟာ လူတွေရဲ့ ဘဝထဲကို ကျူးကျော်ဝင်ရောက်နေကြောင်း ဝေဖန်ခဲ့ပြီးနောက်မှာ Mark Zuckerberg က အခုလို ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မတ်လတုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Cook ကို ခင်ဗျားလည်း Cambridge Analytica အရှုပ်အထွေးတွေ ရင်ဆိုင်နေရတဲ့ Zuckerberg နေရာမှာသာဆိုရင် ဘယ်လို လုပ်မလဲလို့ မေးခဲ့ပေးမယ့် “ငါကတော့ ဒါမျိုး ကြုံရမှာကို မဟုတ်ဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Zuckerberg ကလည်း Recode နဲ့ အင်တာဗျူးမှာ Cook ရဲ့ စကားတွေဟာ မဆင်မခြင်နဲ့ သမာသမတ်မကျတဲ့ စကားတွေဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။
“ကျနော်တို့အားလုံး Stockholm syndrome (နှိပ်စက်သူကို ပြန်လည်သနား ချစ်ခင်လာသည့် စိတ်) မဝင်လာဖို့ အရေးကြီးပါတယ်။ ခင်ဗျားတို့ဆီက ငွေပိုနှိုက်ယူဖို့ အားထုတ်ကြိုးပမ်းနေတဲ့ ကုမ္ပဏီတွေက ခင်ဗျားတို့ကို တကယ်ကြီး ပိုဂရုစိုက်ပါတယ်ဆိုပြီး လာသိမ်းသွင်းတာ မခံရပါစေနဲ့။ အဲ့လို လာလုပ်တာက ကျနော်အတွက်တော့ ဟာသပဲ” လို့ Zuckerberg က ခွန်းတုံ့ပြန်ခဲ့ပါတယ်။
Zuckerberg ရဲ့ ယခု “Android သီးသန့်” အမိန့်ဟာ Cook ရဲ့ တိုက်ခိုက်တဲ့စကားတွေကြောင့်လား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။ ဒါပေမယ့် Android ဟာ တောင်အမေရိက၊ ဥရောပ၊ ရုရှား၊ တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသ စတဲ့ ကမ္ဘာ့ဒေသအသီးသီးမှာ အသုံးပြုသူ အများဆုံး Operating System တခု ဖြစ်တာကြောင့် Android ပဲ သုံးခိုင်းတာက လက်သင့်ခံလောက်စရာ ဆုံးဖြတ်ချက်တော့ ဖြစ်ပါတယ်။
စီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း U.S နည်းပညာသမားတွေဟာ Android ဖုန်း သုံးတာ ပိုနည်းတဲ့အတွက် Apps တွေ လုပ်ဆောင်ရာမှာ လျစ်ဟာချက်တွေ ရှိနိုင်ပါတယ်။ ဒါကြောင့် U.S နည်းပညာကုမ္ပဏီတခုအနေနဲ့ သူ့ ဝန်ထမ်းတွေကို Android သုံးခိုင်းတာက အပြစ်ပြောစရာတော့ မဟုတ်ပါဘူး။ Snapchat လို တခြားနည်းပညာကုမ္ပဏီတွေကလည်း ဝန်ထမ်းတွေကို Android သုံးဖို့ တိုက်တွန်းထားကြပါတယ်။
လောလောဆယ်မှာတော့ Facebook ရဲ့ အမှုဆောင်အရာရှိ တော်တော်များများဟာ Twitter မှာ iPhones တွေနဲ့ပဲ Tweet တွေ တင်နေကြပါတယ်။ Zuckerberg ရဲ့ အမိန့်က အတင်းအကြပ် မဟုတ်တာကြောင့် ဖြစ်နိုင်သလို ကိုယ်ပိုင်ဘဝတွေမှာပဲ iPhones သုံးခွင့်ရတာလည်း ဖြစ်နိုင်ပါတယ်။
Ref: The Verge