အမေရိကန်ကြည်းတပ်ဟာ လူငယ်တွေနဲ့ ပိုမို ဆက်သွယ်ရင်းနှီးမှု ရရှိဖို့အတွက် စစ်မှုထမ်း ဗီဒီယိုဂိမ်း ကစားသူတွေ ပါဝင်တဲ့ Esports အသင်းတခုကို ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
America’s Army လို့ ခေါ်တဲ့ ကိုယ်ပိုင် FPS ဂိမ်းတခုကိုလည်း ထုတ်ထားတဲ့ အမေရိကန်ကြည်းတပ်ဟာ တပ်သားသစ်တွေ ပိုမိုစုဆောင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ Esports အသင်းတသင်းကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဌာနရဲ့ သတင်းမီဒီယာတခုဖြစ်တဲ့ Stars and Stripes မှာ ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်မှာ ဆယ်စုနှစ် တခုကျော်အတွင်း ပထမဆုံးအနေနဲ့ တပ်သားသစ်စုဆောင်းမှု လျာထားချက် မပြည့်မီခဲ့တဲ့ အမေရိကန်ကြည်းတပ်ဟာ Esports နဲ့ တပ်သားသစ် ပိုရဖို့ အားထုတ်နေတာပါ။
Army Esports အသင်းဖွဲ့စည်းဖို့အတွက် လက်ရှိ စစ်မှုထမ်းတွေ၊ အရန်တပ်သားတွေနဲ့ စစ်မှုထမ်းဟောင်းတွေဆီက လျှောက်လွှာတွေကို စတင်လက်ခံနေပါပြီ။ ယခု အွန်လိုင်းဖောင်မှာ ဖော်ပြထားချက်အရဆိုရင် Fortnite, Call of Duy, Tekken, League of Legends, PlayerUnknown’s Battlegrounds, Overwatch, FIFA စတဲ့ ဂိမ်းတွေက စိတ်ဝင်စားမှုအများဆုံး ရထားပါတယ်။
ဒီဇင်ဘာလအတွင်း တပ်တွင်းမှာ Tekken 7 ပြိုင်ပွဲတခု ပြုလုပ်သွားမှာဖြစ်ပြီး၊ အနိုင်ရရှိသူကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ ပြုလုပ်မယ့် PAX South ဂိမ်းပြိုင်ပွဲကို စေလွှတ် ပြိုင်ခိုင်းဖို့ ရှိတယ်လို့ Louisiana ပြည်နယ်၊ Slidell မြို့ တပ်သားသစ်စုဆောင်းရေးစခန်းက ဆာဂျင် Ryan Meaux က အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ အရင်ကလည်း တပ်သားသစ် စည်းရုံးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဗီဒီယိုဂိမ်းတွေကို အသုံးချခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အခြေစိုက်စခန်း ၈ ခုမှာ Street Fighter 5 ပြိုင်ပွဲတခုကို စီစဉ် ကျင်းပပေးခဲ့သလို၊ Steam မှာလည်း America’s Army: Proving Grounds ဆိုတဲ့ အခမဲ့ဂိမ်းတခုကို ထုတ်ပေးထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် Esports ပြိုင်ပွဲတွေကိုလည်း တပ်သားသစ်စုဆောင်းရေးသမားတွေ စေလွှတ်သွားဖို့ စီစဉ်ထားပါတယ်။
ဗီဒီယိုဂိမ်းအမြောက်အများအတွက် အသင်းတွေ စမ်းသပ်ဖွဲ့စည်းသွားဖို့ ရှိပြီး၊ ဂိမ်းပြိုင်ပွဲတွေမှာ ကြည်းတပ်အမည်နဲ့ လိုက်လံ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ Army Recruiting Command ရဲ့ ပြောရေးဆိုခွင့်ရှိသူ Kelli Bland က ပြောကြားခဲ့ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်း၊ ပစ္စည်းကိရိယာနဲ့ ပြိုင်ပွဲကုန်ကျစရိတ် အားလုံးကို စစ်တပ်က ကျခံပေးသွားမှာပါ။
Ref: Polygon, Stripes