New York Times သတင်းစာဟာ Facebook ရင်ဆိုင်နေရတဲ့ ပြဿနာတွေအကြောင်းနဲ့ ရုရှားတွေရဲ့ ဝင်ရောက်စွက်ဖက်မှု အကြောင်းတွေကို စုံစမ်းစစ်ဆေးထားတဲ့ ဆောင်းပါးတပုဒ်ကို ဖော်ပြခဲ့ပြီး နောက်တရက်မှာတော့ Facebook ဟာ တနှစ်ကို နှစ်ကြိမ် ထုတ်ပြန်နေကြ Community Standards Enforcement အစီရင်ခံစာကို ထုတ်ပြန်ပေးခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း လုပ်ဆောင်ချက်များကို ဖော်ပြထားတဲ့ လူမှုကွန်ရက်ဆိုင်ရာစံနှုန်းများ ကြပ်မတ်မှု အစီရင်ခံမှာ အကြောင်းအရာ ကဏ္ဍမျိုးစုံကို စုံလင်စွာ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် အသုံးပြုသူဒေတာတွေကို အစိုးရက တောင်းခံမှုဆိုင်ရာ မှတ်တမ်းတွေနဲ့ Facebook ရဲ့ ထုတ်ကုန်နှင့် ဝန်ဆောင်မှုတွေ ပြတ်တောက်မှုဆိုင်ရာ မှတ်တမ်းတွေကိုလည်း ပြုစုဖော်ပြထားတာ တွေ့ရမှာပါ။
လူမှုကွန်ရက်ဆိုင်ရာစံနှုန်း ကြပ်မတ်မှုအပိုင်းနဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့ ၆ လအတွင်း အကောင့်တုပေါင်း ၁ ဒဿမ ၅ ဘီလျံလောက်ကို ဖယ်ရှားခဲ့ရကြောင်း Facebook က ယခုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဆိုပါ အကောင့်တုတွေရဲ့ ၉၉ ဒဿမ ၆ ရာခိုင်နှုန်းလောက်ကို အသုံးပြုသူဘက်က Report မတင်ခင်မှာတင် ကြိုတင် ဖယ်ရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အစီရင်ခံစာကို ယခုလင့်ခ်မှာ Community Standards Enforcement Report ဖတ်ရှုနိုင်ပါတယ်။
ဒီလောက်များပြားတဲ့ အကောင့်တုတွေကို ဖယ်ရှားခဲ့ပေမယ့်လည်း ၂၀၁၈ ခုနှစ်၊ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ်အတွင်း လစဉ်ပုံမှန် အသုံးပြုသူဦးရေရဲ့ ၃ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းလောက်ဟာ အကောင့်တုတွေ ဖြစ်နေဆဲပါပဲ။ အရင့်အရင် သုံးလပတ်တွေအတွင်းမှာလည်း အကောင့်တု ပမာဏဟာ ၃၊ ၄ ရာခိုင်နှုန်း အမြဲရှိနေခဲ့ကြောင်း Facebook က ဖွင့်ဟထားပါတယ်။
Facebook ဟာ ပထမဆုံး Community Standards Enforcement အစီရင်ခံစာကို ယခုနှစ်၊ မေလကမှ စတင် ထုတ်ပြန်ခဲ့တာပါ။ ယခု ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ အနှောင့်အယှက်ပေးမှုနဲ့ ခြိမ်းခြောက်အနိုင်ကျင့်မှု ၊ ကလေးသူငယ် မဖွယ်မရာပုံနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ပြဿနာတွေကို ဘယ်လောက် ကိုင်တွယ် ဖြေရှင်းပြီး ဖြစ်လဲဆိုတာကိုပါ ပထမဆုံးအကြိမ် ဖော်ပြပါရှိလာပါတယ်။
တတိယ ၃ လပတ်မှာ Facebook ဟာ ခြိမ်းခြောက် အနိုင်ကျင့်မှုနဲ့ တပါးသူအနှောင့်အယှက်ဖြစ်စေမှုဆိုင်ရာ စံနှုန်းတွေကို ချိုးဖောက်တဲ့ Content ပေါင်း ၂.၁ သန်းလောက်ကို ဖြေရှင်းပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ Content တွေထဲမှာ ပို့စ်၊ ဓာတ်ပုံဖြုတ်တာ၊ အကောင့်ကို တခါတည်း ပိတ်တာ စသဖြင့် ပါဝင်ပါတယ်။ ဘယ်လိုအရေးယူမှုတွေ ဆောင်ရွက်ခဲ့လဲဆိုတာကိုတော့ အသေးစိတ် မပြောထားပါဘူး။
ယခုအစီရင်ခံစာမှု နောက်ထပ် အရေးကြီးတဲ့ အချက်တခုကတော့ Facebook ဟာ ၂၀၁၈ ဒုတိယသုံးလပတ်နဲ့ တတိယသုံးလပတ်အတွင်းမှာ အမုန်းပွားမှုကို တွန်းအားပေးတဲ့ Content ပေါင်း ၅ ဒဿမ ၄ သန်းလောက်ကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ဒီထဲက ၅၂ ရာခိုင်နှုန်းလောက်ကို Facebook ကိုယ်တိုင် ရှာဖွေ၊ ဖယ်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အနိုင်ကျင့်မှု (Bullying) နဲ့ ပတ်သတ်တဲ့ ပို့စ်တွေကို ဖယ်ရှားမှုမှာ နှေးကွေးနေတဲ့အကြောင်းကို သတင်းထောက်တွေက Facebook အမှုဆောင်အရာရှိတွေကို မေးမြန်းခဲ့ပါသေးတယ်။ Facebook ရဲ့ ထုတ်ကုန်အကြီးအကဲ VP ဖြစ်တဲ့ Guy Rosen က Bullying နဲ့ Harassment (အနိုင်ကျင့်၊ နှောင့်ယှက်မှု) အကြောင်းအရာတွေကို Facebook က သိရှိနားလည်ဖို့အတွက်ဆိုရင် လူတွေကိုယ်တိုင် တိုင်ကြားဖို့ အဓိက လိုတယ်လို့ ဖြေကြားခဲ့ပါတယ်။
လူတယောက်က တခြားလူတယောက်ရဲ့ ဓာတ်ပုံတပုံကို “You’re crazy” လို့ စာရေးတင်တာမျိုးမှာ၊ ထိခိုက်လိုတဲ့သဘောလား အပျော်သဘောလား ခွဲခြားဖို့ ခက်သလိုမျိုး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Facebook CEO Mark Zuckerberg ကလည်း အမုန်းပွားအကြောင်းအရာတွေကို သိရှိနိုင်တဲ့ AI စနစ်တခုကို ဖန်တီးတာဟာ လိင်မဖွယ်မရာ အကြောင်းအရာတွေကို စစ်ဆေးနိုင်တဲ့ AI ဖန်တီးတာလောက် မလွယ်ကူကြောင်း မကြာခဏထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါကြောင့် Hate Speech ကို ကြပ်မတ်ဖို့ကတော့ ကုမ္ပဏီအနေနဲ့ ထပ်မံကြိုးစားရဦးမှာပါ။
Ref: Venture Beat, Engadget