တရုတ်နိုင်ငံအတွက် သီးသန့် ရှာဖွေရေးအင်ဂျင်အသစ်တခု ပြုလုပ်နေမှုကို ရပ်ဆိုင်းဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာမှာ Google ဝန်ထမ်းပေါင်း ၄၀၀ ကျော် ပါဝင်လက်မှတ် ရေးထိုးထားပါတယ်။
Google ရှာဖွေရေးအင်ဂျင်အသစ်ဟာ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆင်ဆာဖြတ်တောက်မှုတွေကို အထောက်အကူ ဖြစ်စေမယ့်အတွက် ဒီပရောဂျက်ကို ရပ်တန့်ဖို့ ကုမ္ပဏီဝန်ထမ်းတွေက တောင်းဆိုထားတာပါ။
Google ဝန်ထမ်း ၁၁ ဦး လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာကို မနေ့က Medium ဝဘ်ဆိုဒ်မှာ (https://medium.com/@googlersagainstdragonfly/we-are-google-employees-google-must-drop-dragonfly-4c8a30c5e5eb) တင်ခဲ့ပါတယ်။
ယခုအချိန်မှာတော့ ပါဝင် လက်မှတ်ရေးထိုးထားသူ Google ဝန်ထမ်းပေါင်း ၄၀၇ ဦးကျော် ရှိနေပါပြီ။ အများစုက ဆော့ဖ်ဝဲအင်ဂျင်နီယာတွေ ဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကလည်း Google ဝန်ထမ်း ၁၄၀၀ ကျော်ဟာ ဒီပရောဂျက်ကို လက်မှတ်ထိုး ကန့်ကွက်ခဲ့ကြပါ သေးတယ်။
Google ဟာ တရုတ်နိုင်ငံအတွက် သီးသန့် ဆင်ဆာဖြတ် ရှာဖွေရေးအင်ဂျင်တခုကို Project Dragonfly အမည်နဲ့ လုပ်ဆောင်လျက်ရှိပါတယ်။ အဆိုပါ ရှာဖွေရေးအင်ဂျင်ဟာ တရုတ်အစိုးရ အလိုတော်ကျ အချို့သော ရှာဖွေမှု ရလဒ်တွေကို ပိတ်ထားမှာဖြစ်ကာ၊ တရုတ်ပြည်သူတွေရဲ့ ရှာဖွေမှုတွေကိုလည်း အစိုးရဘက်က အလွယ်တကူ စောင့်ကြည့်စေနိုင်မှာ ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။
Google ဘက်ကတော့ Dragonfly နဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ကာ၊ ယခုပရောဂျက်ဟာ “စူးစမ်းလေ့လာမှု” တခုသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။Dragonfly ဟာ Google ဝန်ထမ်းတွေ သာမက အပြင်လူတွေရဲ့ ဝေဖန်မှုတွေကိုပါ ခံနေရတဲ့ ပရောဂျက်တခုပါ။
အမေရိကန် ဒုသမ္မတ Mike Pence ကိုယ်တိုင်က ဒီပရောဂျက်ဟာ ကွန်မြူနစ်ပါတီရဲ့ ဆင်ဆာဖြတ်တောက်မှုကို ပို အားကောင်းစေမှာဖြစ်ပြီး တရုတ်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ထိပါးမယ့် လုပ်ရပ်ဖြစ်ကြောင်း လွန်ခဲ့တဲ့လက မှတ်ချက်ပေး ပြောဆိုခဲ့ပါသေးတယ်။
“တရုတ်နိုင်ငံကြောင့် Dragonfly ကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ နေရာဒေသမရွေး အားကြီးသူက အားနည်းသူကို ဖိနှိပ်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့ နည်းပညာ မှန်သမျှကို ကျနော်တို့ ကန့်ကွက်ပါတယ်” လို့ Google ဝန်ထမ်းတွေက ယခု အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။
Ref: The Verge, Medium, NY Times