Apple ဟာ ပထမဆုံးအကြိမ်အဖြစ် The Ellen Show နဲ့ ပူးပေါင်းကာ ပွဲကြည့် ပရိတ်သတ်တိုင်းကို အသစ်စက်စက် iPhone XR တလုံးစီ အခမဲ့ ပေးဝေခဲ့ပါတယ်။
The Ellen Show ဟာ အားလပ်ရက်ရာသီတိုင်းမှာ ပွဲလာပရိတ်သတ်တွေကို လက်ဆောင်ပစ္စည်းတွေ ၁၂ ရက်ထိ အခမဲ့ ပေးဝေလေ့ ရှိပါတယ်။ Apple ပူးပေါင်း ပါဝင်လာတာတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
iPhone XR ပေးမယ့် အစီအစဉ်ကိုတော့ ပွဲတင်ဆက်သူ Ellen DeGeneres နဲ့ ဟောလိဝုဒ်ကြယ်ပွင့် မင်းသမီး Julia Roberts တို့နှစ်ယောက် Heads Up ကစားနည်း ဆော့ပြီး စတင်ခဲ့ကြပါတယ်။ Heads Up ဆိုတာကတော့ လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး တယောက် ကိုင်ထားတဲ့ ဖုန်း Screen က အရာကို နောက်တယောက်က အမူအရာနဲ့ သရုပ်ဖော်ပြရတာပါ။
ကစားပြီးနောက်မှာတော့ Ellen Denegeres နဲ့ Julia Roberts တို့ နှစ်ယောက်ဟာ ခရစ်စမတ်နောက်ခံ Screen ရှေ့မှာ iPhone XR နဲ့ Selfie တူတူ ရိုက်ခဲ့ကြပါတယ်။
ဓာတ်ပုံ ရိုက်နေရင်းနဲ့ Roberts က “အရောင် ၆ ရောင် ရနိုင်တာကတော့ တကယ်မိုက်တယ်။ ဘက်ထရီလည်း အခံဆုံးပဲ” လို့ ပြောပြီးပြီးချင်းမှာပဲ Ellen က အခု ပွဲလာတဲ့ ပရိတ်သတ်တိုင်းကို iPhone XR တလုံးစီ ပေးသွားမှာဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့တာ ဖြစ်ပါတယ်။
iPhone XR တလုံးကို အမေရိကန်ပြည်ထောင်စုမှာ ၇၄၉ ဒေါ်လာနဲ့ ရောင်းချလျက်ရှိပြီး Ellen Show အစီအစဉ် တခုကို ပရိတ်သတ် ၄၀၀ လောက် ပုံမှန် လာကြည့်ကြပါတယ်။ ဒါကြောင့် Apple အနေနဲ့ iPhones ဒေါ်လာ ၃ သိန်းဖိုးအထိကို အခမဲ့ ပေးဝေခဲ့တာပါ။
Ellen ဟာ ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း Cheerios အမှတ်တံဆိပ်နဲ့ ပူးပေါင်းကာ ဒေါ်လာ ၁ သန်းကို ပရိတ်သတ်တွေ ခွဲယူဖို့ ပေးခဲ့ပါသေးတယ်။ ပွဲလာသူ အယောက် ၄၀၀ နဲ့ တွက်မယ်ဆိုရင် တယောက်ကို ဒေါ်လာ ၂၅၀၀ ခန့် ရခဲ့ကြပါတယ်။
Ref: 9to5Mac ၊ Soyacinau