Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ Display နည်းပညာ အခိုးခံရ
Samsung ရဲ့ အသစ်စက်စက် Screen ကွေး နည်းပညာကို ခိုးပြီး၊ တရုတ်ကုမ္ပဏီ ၂ ခုထံ ရောင်းချမှုကြောင့် လူ ၁၁ ဦးကို တောင်ကိုရီးယားမှာ တရားစွဲထားတယ်လို့ သိရပါတယ်။ Suwon ခရိုင်ရှေ့နေတရားရုံးဟာ လူ ၁၁ ဦးကို Samsung ကုမ္ပဏီထံမှ နည်းပညာလှို့ဝှက်ချက်တွေ ခိုးယူမှုကြောင့် တရားစွဲဆိုထားတာပါ။
တရားလိုရှေ့နေတွေရဲ့ ပြောကြားချက်အရ Samsung ကုမ္ပဏီကို ပစ္စည်းသွင်းတဲ့ Supplier တဦးဟာ Samsung ရဲ့ ‘Flexible OLED edge panel 3D lamination” အသေးစိတ် ဒီဇိုင်းပုံစံတွေကို ကုမ္ပဏီတခုထံ ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Samsung ထံက နည်းပညာ ခိုးယူဖို့ကို အဆိုပါ ကုမ္ပဏီက စီစဉ်ခဲ့တာ ဖြစ်ပြီး၊ Samsung နည်းပညာလှို့ဝှက်ချက်တွေကို တရုတ်နည်းပညာကုမ္ပဏီ ၂ ခုထံ ကန်ဒေါ်လာ ၁၄ သန်းနဲ့ ပြန်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ယခုအမှုမှာ ပါဝင်တဲ့ ကုမ္ပဏီနဲ့ လူတွေ နာမည်ကိုတော့ မဖော်ပြထားပါဘူး။
Samsung Electronics ရဲ့ ဌာနခွဲတခုဖြစ်တဲ့ Samsung Display က “ အစိုးရရှေ့နေတွေရဲ့ စုံစမ်းမှု ရလဒ်တွေကို သိရတဲ့အခါ အံ့အားသင့်၊ စိတ်ပျက်မိကြောင်း သောကြာနေ့က သတင်းထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။
Samsung ဟာ ကွေးညွတ်နိုင်တဲ့ Screen ကို ထုတ်လုပ်နိုင်ဖို့အတွက် ကန်ဒေါ်လာ ၁၃၀ ကျော် ရင်းနှီးကာ၊ ၆ နှစ်ခန့် အချိန်ယူခဲ့ရပါတယ်။ Samsung ရဲ့ Screen အကွေး နည်းပညာဟာ စမတ်ဖုန်းလောကကို ပြောင်းလဲပစ်နိုင်ဖို့ အလားအလာရှိ နည်းပညာတခု အဖြစ် ရေပန်းစားနေပါတယ်။ Samsung ဟာ အဆိုပါနည်းပညာကို ယခုလအစောပိုင်းတုန်းက တရားဝင် မိတ်ဆက်ပြသခဲ့ပြီးပါပြီ။
Samsung ဆီက နည်းပညာခိုးယူမှုပါဝင်ခဲ့တဲ့ တရုတ်လူမျိုး ၂ ဦးကိုတော့ ယခုအချိန်ထိ ဖမ်းဆီး၊ မေးမြန်းနိုင်ခြင်း မရှိသေးဘဲ၊ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol ကို အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။ လူ ၁၁ ဦးထဲက ၃ ဦးကိုတော့ ထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ အမှု စစ်ဆေးကြားနာမယ့် ရက်ကို မကြာမီ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာသွားဖို့ ရှိပါတယ်။
Ref: CNN, Slash Gear