၂၀၂၀ခုနှစ် တိုကျို အိုလံပစ် နဲ့ မသန်စွမ်း အိုလံပစ်ပြိုင်ပွဲ မကျင်းပခင်မှာ လုံခြုံရေး တိုးမြှင့်ဖို့ ဆောင်ရွက်လျက်ရှိတဲ့ ဂျပန်နိုင်ငံဟာ လုံခြုံရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မယ့် စက်ရုပ်တရုပ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြသခဲ့ပါတယ်။
အမြင့်ပေ ၁၆၇.၅ စင်တီမီတာ ရှိတဲ့ စက်ရုပ်ကို Perseusbot လို့ အမည်ပေးထားပြီး ဘူတာရုံတွေမှာ လုံခြုံရေးအတွက် အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ထားတာပါ။ Perseusbot မှာ လုံခြုံရေးကင်မရာတခုနဲ့ Artificial Intelligence နည်းပညာတို့ တပ်ဆင်ထားပြီး၊ ကင်းလှည့်ချိန်မှာ အတားအဆီးတွေကို အလိုအလျောက် ရှောင်ရှားနိုင်စွမ်း ရှိပါတယ်။
မသင်္ကာဖွယ် လှုပ်ရှားနေတဲ့ လူ ဒါမှမဟုတ် ပိုင်ရှင်မဲ့ ပစ္စည်း တခုခုကို တွေ့ရှိတာနဲ့ လုံခြုံရေးဝန်ထမ်းတွေရဲ့ စမတ်ဖုန်းကို သတိပေးချက် လှမ်းပို့ ပေးသွားမှာပါ။ လက်နက်ကိရိယာတွေ မပါဝင်တဲ့အတွက် မတော်တဆ အန္တရာယ်ဖြစ်မှာ စိုးရိမ်စရာ မလိုပါဘူး။
Perseusbot ကို တိုကျိုမြို့က Seibu Shinjuku Station မှာ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ စမ်းသပ်သွားခဲ့ပါတယ်။ အပြီးသတ်အဆင့် မရောက်သေးတဲ့အတွက် စမ်းသပ်စဉ်မှာတော့ စက်ရုပ်နောက်က ပညာရှင်တွေ လိုက်ပါနေတာကို မြင်တွေ့ရပါတယ်။
Perseusbot ကို တိုကျို မြို့ပြစက်မှုနည်းပညာ လေ့လာရေးဌာန ၊ Seibu Railyway ကုမ္ပဏီ ၊ သတင်းအချက်အလက် နည်းပညာကုမ္ပဏီ Nihon Unisys Ltd. နဲ့ AI ကင်မရာ ကုမ္ပဏီ Earth Eyes တို့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Ref: Japan Times, Sora News