အကြားအာရုံ မသန်စွမ်း ကလေးငယ်တွေကို စာဖတ်ပြမယ့် Huawei App
ကမ္ဘာပေါ်မှာ အကြားအာရုံ မသန်စွမ်းတဲ့ ကလေးငယ်ပေါင်း ၃၂ သန်း ကျော် ရှိပါတယ်။ ဒီကလေးငယ်တွေထဲက ၉၀ ရာခိုင်နှုန်းလောက်ဟာ အကြားအာရုံ ကောင်းမွန်တဲ့ မိဘနှစ်ပါးက မွေးဖွားလာသူတွေ ဖြစ်ပါတယ်။
အကြားအာရုံ မသန်စွမ်း ကလေးငယ်တွေဟာ စာဖတ်ရာမှာ အခက်အခဲများစွာ ရင်ဆိုင်ရပါတယ်။ မိဘနဲ့ ဆရာ၊ ဆရာမ အများစုကလည်း “Sign Language” လို့ ခေါ်တဲ့ လက်သင်္ကေတပြ ဘာသာ စကားကို မတတ်ကျွမ်းကြတဲ့အတွက်၊ ကလေးတွေဟာ စာရွက်ပေါ်က စကားလုံးတွေနဲ့ လက်တွေ့ ဘဝအတွေ့အကြုံတွေကြား ဆက်စပ်မှုကို နားမလည်နိုင်ကြပါဘူး။
ဒါပေမဲ့ ဒီအခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် App တခုကို Huawei က ထုတ်ပေးလိုက်ပါပြီ။ “StorySign” လို့ အမည်ရပြီး၊ Android မှာပဲ အသုံးပြုနိုင်မှာပါ။ StorySign ရဲ့ အလုပ်လုပ်ပုံကတော့ ကလေးဖတ် စာအုပ်တွေက စာသားတွေကို ဖုန်းကင်မရာနဲ့ ချိန်ရိုက်လိုက်တာနဲ့ စကားလုံးတလုံးချင်းစီကို ကာတွန်းအရုပ်လေးတွေက လက်သင်္ကေတပြ ဘာသာစကားနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ယခု App ကိုတော့ Huawei ၊ အကြားအာရုံမသန်စွမ်းသူများ ဥရောပသမဂ္ဂအဖွဲ့၊ Penguin Books စာအုပ်တိုက် နဲ့ Aardman Animation တို့ ပူးပေါင်း ဖန်တီးထားတာပါ။
ပုံဖတ်သားမှု Image Recognition နဲ့ အက္ခရာစာလုံး ဖတ်သားမှု Optical Character Recognition စတဲ့ Huawei AI Tools တွေကို အသုံးပြုပြီး စာအုပ်ပေါ်က စာလုံးတွေကို Sign Language အဖြစ် အသက်သွင်းပေးမှာ ဖြစ်ပါတယ်။ Image Recognition ကြောင့် စာအုပ်ကို စောင်းကိုင်ထားရင်တောင် အလုပ်လုပ်တယ်လို့ Huawei က ဆိုပါတယ်။
StorySign App ကို Google Play ကနေ Download ပြုလုပ်နိုင်သလို၊ Huawei ရဲ့ ကိုယ်ပိုင် App Store “AppGallery” ကနေလည်း ဥရောပဈေးကွက် ၁၀ ခုမှာ ယနေ့ကစ Download လုပ်နိုင်ပါပြီ။ Android 6.0 နဲ့ အထက် ဖုန်းတိုင်းမှာ အသုံးပြုနိုင်မှာပါ။
Sign Language ဟာ တနိုင်ငံနဲ့ တနိုင်ငံ မတူညီတာကြောင့် StorySign မှာလည်း မိမိ အသုံးပြုလိုတဲ့ Sign Language ကို အရင် ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ “Where’s Spot?” ဆိုတဲ့ စာအုပ်တအုပ်ပဲ ဖတ်နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ စာအုပ်အသစ်တွေ ထပ်မံ ပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: Engadget, Venture Beat