Skype ဟာ အကြားအာရုံ မသန်စွမ်းသူတွေကို ကူညီဖို့အတွက် ဗီဒီယိုခေါ်ဆိုမှု (Video Call) တွေမှာ အချိန်နဲ့တပြေးညီ စာတန်း ထိုးပေးတော့မှာ ဖြစ်ပါတယ်။ နည်းပညာ ကုမ္ပဏီတွေဟာ အကြားအာရုံ မသန်စွမ်းသူတွေပါ အဆင်ပြေပြေ အသုံးပြုနိုင်ဖို့အတွက် ပြင်ဆင်လာကြတာ တွေ့ရပါတယ်။
Microsoft ဟာ မကြာသေးခင်ကတင် PowerPoint မှာလည်း အချိန်နဲ့ တပြေးညီ စာတန်း ထိုးပေးတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ အခု Skype မှာလည်း အလားတူ လုပ်ဆောင်ချက် ထည့်ပေးမှာ ဖြစ်ကြောင်း ပြောကြားလိုက်တာပါ။ ယနေ့မှာပဲ Huawei ကလည်း နားမကြား ကလေးငယ်တွေကို လက်သင်္ကေတပြ ဘာသာစကားနဲ့ စာဖတ်ပြပေးမယ့် App တခုကို ထုတ်ပေးခဲ့ပါသေးတယ်။
Microsoft ဟာ Skype မှာလည်း PowerPoint ကလိုပဲ Artificial Intelligence နည်းပညာနဲ့ Video Call တွေကို အင်္ဂလိပ်ဘာသာစကားနဲ့ စာတန်းထိုးပေးမှာ ဖြစ်ပါတယ်။
Video Call ခေါ်နေတုန်း “more” ဒါမှမဟုတ် (+) ခလုတ်ကို နှိပ်ပြီး၊ စာတန်း ဖော်နိုင်ပါတယ်။ နောက်ထပ် တကူးတက ဖွင့်နေစရာမလိုဘဲ၊ Video Call တိုင်းမှာ စာတန်းထိုးပြဖို့ကိုလည်း Default အနေနဲ့ ရွေးထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Skype စာတန်းထိုး လုပ်ဆောင်ချက်ကို တဦးချင်း ခေါ်ဆိုမှုနဲ့ အုပ်စုလိုက် ခေါ်ဆိုမှုတွေမှာပါ အသုံးပြုနိုင်မှာ ပါ။ ဗီဒီယိုပြောနေတုန်းမှာ စာတန်းက အချိန်နဲ့ တပြေးညီ အလိုလိုကျလာ (Auto-scroll) မှာ ဖြစ်တဲ့အတွက် အကြားအာရုံ မသန်စွမ်းသူတွေအနေနဲ့ ပြောသမျှ နားလည်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် တဖက်က အင်္ဂလိပ်လို ပြောတာကို နားလည်ဖို့ အာရုံစိုက် နားထောင်နေရသူတွေအတွက်လည်း စာတန်း ထိုးပေးတာက တော်တော်အသုံးဝင်ပါလိမ့်မယ်။ ယခု လုပ်ဆောင်ချက်အသစ်ကို Android ၊ iOS ၊ Linux ၊ Mac နဲ့ Windows OS တို့က Skype Version 8 မှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထွက်ရှိဖို့တော့ အချိန်အနည်းငယ် လိုပါဦးမယ်။
Microsoft ဟာ Skype မှာ ဘာသာစကား ၂၀ ကျော် ဘာသာပြန်ပေးနိုင်မယ့် လုပ်ဆောင်ချက်အသစ်တမျိုးကိုလည်း လာမယ့် ရက်သတ္တပတ်အတွင်း ထည့်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Ref: The Verge, Appuals