IT

၆ မိုင် အကွာကနေ ထိန်းချုပ်နိုင်တဲ့ စက်ရုပ်ကို Toyota ပြသ

ဂျပန် ကုမ္ပဏီ ၂ ခုဖြစ်တဲ့ Toyota နဲ့ NTT DOCOMO တို့ ပူးပေါင်းပြီး T-HR3 ဆိုတဲ့ လူပုံစံ စက်ရုပ်တရုပ်ကို ပြသခဲ့ပါတယ်။ T-HR3 စက်ရုပ်ဟာ 5G ကွန်ရက်လိုင်း သုံးပြီး အဝေးက ထိန်းချုပ်နိုင်တဲ့ စက်ရုပ်ဖြစ်ပါတယ်။ စမ်းသပ်မှုမှာ လူသား ဝန်ထမ်းတဦးဟာ အဝေးထိန်းကိရိယာနဲ့ ၆ မိုင်အကွာအဝေးမှာ ရှိတဲ့ စက်ရုပ်ကို အောင်မြင်စွာ ထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။

Toyota ဟာ အခြေအနေ အရပ်ရပ်မှာ လူသားကဲ့သို့ ပြုမူလှုပ်ရှားနိုင်တဲ့ တွဲဖက် စက်ရုပ်မျိုးကို ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ T-HR3 စက်ရုပ်ကို ဖန်တီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အိမ်တွင်းလုပ်ငန်းတွေ မှာလည်း အသုံးပြုဖို့အတွက် Toyota က စဉ်းစားထားပါတယ်။

T-HR3 စက်ရုပ်ဟာ ခြေတဖက်တည်းနဲ့ ဟန်ချက်ထိန်း ရပ်ပြတာကနေ ပူဖောင်းကို မပေါက်အောင် ဖိညှစ်ပြတာမျိုးအထိ လူသားထိန်းချုပ်သူရဲ့ လှုပ်ရှားမှုတိုင်းကို တုပ ဆောင်ရွက်နိုင်ပါတယ်။

လှုပ်ရှားမှု အမူအရာတွေကို စက်ရုပ်ဆီ တိုက်ရိုက် ပေးပို့ ဆက်သွယ်နိုင်ဖို့အတွက် Sensor စနစ်မျိုးစုံ တပ်ဆင်ထားတဲ့ “Master Maneuvering System” အမည်ရ အဝေးထိန်းစနစ်ကို အဓိက အသုံးပြုထားတယ်လို့ Toyota က ဆိုပါတယ်။

Master Maneuvering System ဟာ အကြမ်းဖျဉ်းအားဖြင့် လှုပ်ရှားနိုင်တဲ့ လက်၊ ခြေထောက်နဲ့ ဆန်ဆာတွေ ပါဝင်တဲ့ ထိုင်ခုံတလုံး ပုံစံပါ။ T-HR3 စက်ရုပ်မှာတော့ လည်ပတ်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်တဲ့ Torque Servo Modules ၂၉ ခု တပ်ဆင်ထားပါတယ်။

အဝေးထိန်းချုပ်သူအနေနဲ့ VR Headset တခု တပ်ဆင်ရမှာဖြစ်ပြီး၊ စက်ရုပ် မြင်ကွင်းကို 3D မြင်ကွင်းနဲ့ တိုက်ရိုက် ပြန်မြင်ရမှာဖြစ်တာကြောင့် ပိုမိုတိကျစွာ ထိန်းချုပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်ရုပ်အပေါ် သက်ရောက် လာတဲ့ အားတွေကိုလည်း ထိန်းချုပ်သူက ခံစားနိုင်မှာပါ။

T-HR3 စက်ရုပ်ကို 5G ကွန်ယက်ပေါ်မှာ စမ်းသပ်တာက ယခု ပထမဆုံးအကြိမ်ဖြစ်ပြီး၊ အရင်က ကြိုးတပ်ပြီးပဲ စမ်းသပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 5G ကွန်ယက်နည်းပညာကိုတော့ DOCOMO က ထောက်ပံ့ပေးထားပြီး၊ စက်ရုပ်နဲ့ ထိန်းချုပ်သူတို့ဟာ နှောင့်နှေးမှုမရှိ ဆက်သွယ် ဆောင်ရွက်နိုင်တာကို တွေ့မြင်ရမှာပါ။

T-HR3 စက်ရုပ်ဟာ အမြင့် ၅ ပေရှိပြီး၊ အလေးချိန် ၇၄ ကီလိုဂရမ် ရှိပါတယ်။ လူသားတွေအတွက် ပြုလုပ်ထားတဲ့ ပစ္စည်းကိရိယာအမျိုးမျိုးကို ကိုင်တွယ်၊ ထိန်းချုပ်နိုင်ဖို့အတွက် ဝင်ရိုး ၃၂ ခု နဲ့ လက်ချောင်း ၁၀ ချောင်းတို့ ပါဝင်ပါတယ်။

Ref: DailyMail, SlashGear

Loading