လုံခြုံရေးကျိုးပေါက်မှုကြောင့် အသုံးပြုသူပေါင်း သန်း ၁၀၀ ရဲ့ အချက်အလက်တွေ ပါသွားခဲ့ကြောင်း Quora က ကြေညာလိုက်ပါတယ်။
လူသုံးအများဆုံး အမေးအဖြေ ဝဘ်ဆိုဒ်တခုဖြစ်တဲ့ Quora ဟာ ၎င်းရဲ့ စနစ်ထဲ ဟက်ကာတွေ ထိုးဖောက်ဝင်ရောက် ခဲ့တာကို လွန်ခဲ့တဲ့တပတ်မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဟက်ကာတွေ ရယူသွားတဲ့ ဒေတာတွေထဲမှာ အသုံးပြုသူအမည်၊ အီးမေးလ်လိပ်စာ နဲ့ ကုဒ်အဖြစ် ပြောင်းလဲထားတဲ့ စကားဝှက် တွေ ပါဝင်သွားခဲ့ပါတယ်။ အကယ်လို့ အသုံးပြုသူတယောက်ဟာ Facebook သို့မဟုတ် တခြား လူမှုကွန်ရက် တခုခုနဲ့ Quora အကောင့်ကို ချိတ်ဆက်ထားမယ်ဆိုရင် Facebook အကောင့်အမည်၊ နေရပ်ဒေသ စတဲ့ အချက်အလက်တွေလည်း ပါသွားမှာပါ။
တချို့သော Private လုပ်ဆောင်ချက်တွေဖြစ်တဲ့ Quora အသုံးပြုသူရဲ့ အဖြေ တောင်းခံထားမှု၊ Downvote လုပ်ထားမှုနဲ့ တိုက်ရိုက် ပေးပို့ထားတဲ့ မက်ဆေ့တွေလည်း ပါဝင်သွားနိုင်ကြောင်း Quora က ထုတ်ပြန်ထားပါတယ်။
အမည်မဖော်ပြဘဲ Anonymous အနေနဲ့ တင်ထားတဲ့ အကြောင်းအရာတွေမှာတော့ အကောင့်ပိုင်ရှင်ရဲ့ အချက်အလက် ကို မသိမ်းဆည်းထားတဲ့အတွက် Anonymous အနေနဲ့ပဲ ရှိနေမှာ ဖြစ်ပါတယ်။
“ ရယူသွားတဲ့ ဒေတာ အကုန်လိုလိုက Quora မှာ အကုန်မြင်တွေ့နိုင်အောင် Public လုပ်ထားပြီးသား အချက်အလက် တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အကောင့်နဲ့ တခြား အတွင်းရေးအချက်အလက်တွေ ပေါက်ကြားသွားတာကတော့ စိုးရိမ်ရပါတယ်” လို့ Quora CEO Adam D’Angelo က ဘလော့ဂ်ပို့စ်မှာ ရေးသားခဲ့ပါတယ်။
ယခု တိုက်ခိုက်ခံရမှုမှာ ပါသွားခဲ့တဲ့ အကောင့်ပိုင်ရှင်တွေဆီကို Quora က အကြောင်းကြားစာ အီးမေးလ်တွေ ပေးပို့နေပြီဖြစ်တာကြောင့် မိမိအကောင့် ပါ/ မပါ ကို အီးမေးလ် စစ်ကြည့်နိုင်ပါတယ်။
Quora က ယခုဖြစ်ရပ်ကို ဥပဒေအဖွဲ့အစည်းတွေကို အကြောင်းကြားပြီး ဖြစ်ကာ၊ နာမည်ကျော် ဒီဂျစ်တယ် လုံခြုံရေးလုပ်ငန်းတခုကို ငှားရမ်းပြီးလည်း စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။
၂၀၁၅ ခုနှစ်မှာ လစဉ် အသုံးပြုသူပေါင်း သန်း ၂၀၀ ကျော် ရှိခဲ့တဲ့ Quora အတွက် သန်း ၁၀၀ ပမာဏ အကောင့် စုစုပေါင်းရဲ့ တဝက်နီးပါးလောက် ရှိနေပါတယ်။
Ref: The Verge