Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်အတွက် YouTube ရဲ့ ဝင်ငွေအများဆုံး စာရင်းမှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးက ဒေါ်လာ ၂၂ သန်းနဲ့ ဦးဆောင်နေပါတယ်။
ကစားစရာအရုပ်တွေအကြောင်း သုံးသပ် Review လုပ်ပေးနေတဲ့ Ryan ToysReview ချန်နယ်က Ryan ဆိုတဲ့ ကောင်လေးဟာ ယခု ဇွန်လအထိ ၁၂ လအတွင်းမှာ YouTube ကနေ စုစုပေါင်း ဒေါ်လာ ၂၂ သန်းအထိ ရှာနိုင်ခဲ့ပါတယ်။
Ryan ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အဆင့် ၈ နေရာမှာပဲ ရှိနေခဲ့ပေမယ့်၊ ယခုနှစ်မှာတော့ ဝင်ငွေ ၂ ဆ ကျော် တက်လာပြီး ပထမနေရာကို ခုန်တက်ခဲ့တာ ဖြစ်ပါတယ်။
Ryan ရဲ့ YouTube ချန်နယ်ကို မိဘနှစ်ဦးကိုယ်တိုင်က ၂၀၁၅ ခုနှစ်၊ မတ်လမှာ ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဗီဒီယို ကြည့်ရှုမှု အရေအတွက်ပေါင်း ၂၆ ဘီလျံ ထိ ရှိနေပြီ ဖြစ်ကာ၊ Follow လုပ်ထားသူပေါင်း ၁၇.၃ သန်းကျော် ရရှိထားပါတယ်။
Forbes ရဲ့ အဆိုအရ Ryan ရရှိခဲ့တဲ့ ဝင်ငွေ ဒေါ်လာ ၂၂ သန်းမှာ ၂၁ သန်း က ဗီဒီယို မစခင် ပြတဲ့ ကြော်ငြာတွေကနေ ရရှိခဲ့တာ ဖြစ်ပြီး၊ ကျန် ၁ သန်းကတော့ ကြော်ငြာပေးတဲ့ ပို့စ်တွေကနေ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သြဂတ်လတုန်းက Walmart ဟာ Ryan’s World လို့ ခေါ်တဲ့ Ryan နာမည်နဲ့ ထုတ်တဲ့ အရုပ် မျိုးစုံကို စတင် ရောင်းချခဲ့ပါတယ်။ Walmart စတိုးတခုမှာ သူ့နာမည်နဲ့ ထုတ်ထားတဲ့ အရုပ်တွေကို လိုက်ရှာနေတဲ့ Ryan နဲ့ မိဘနှစ်ဦးတို့ရဲ့ ဗီဒီယို ဟာဆိုရင် လက်ရှိအချိန်မှာ ကြည့်ရှုပေါင်း ၁၄ သန်း ကျော် ရရှိထားပါတယ်။
Ryan ဟာ ကလေးအရွယ်ပဲ ရှိသေးတာကြောင့် ရရှိသမျှ ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို အသက်ပြည့်တဲ့ အချိန်မှ ထုတ်နိုင်မယ့် ဘဏ်အကောင့်တခုမှာ အပ်ပေးထားတယ်လို့ သိရပါတယ်။
Forbes ရဲ့ ဝင်ငွေအများဆုံး YouTube ကြယ်ပွင့် ၁၀ ဦး စာရင်းမှာတော့ Jake နဲ့ Logan Paul တို့ ညီအကိုက အဆင့် ၂ နဲ့ အဆင့် ၁၀ နေရာတို့မှာ အသီးသီး ရပ်တည်နေပါတယ်။
တတိယနေရာမှာတော့ Dude Perfect ချန်နယ်က ဝင်ငွေ ဒေါ်လာ သန်း ၂၀ နဲ့ ရပ်တည်နေကာ၊ ၂၀၁၇ ခုနှစ် စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်ခဲ့တဲ့ Minecraft gamer Daniel Middleton ကတော့ ဝင်ငွေ ၁၈.၅ သန်းနဲ့ စတုတ္ထ နေရာ ဆင်းသွားတာ တွေ့ရပါတယ်။
YouTube ရဲ့ Subscriber အများဆုံး စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ PewDiePie ကတော့ ဝင်ငွေ ဒေါ်လာ ၁၅.၅ သန်းနဲ့ အဆင့် ၉ မှာ ရှိနေပါတယ်။
Ref: BBC, Gadgets NDTV