Ohio မှာ မောင်းသူမဲ့ ဘတ်စ်ကားတွေ အခမဲ့ ပြေးဆွဲမည်
Ohio ပြည်နယ်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်ပြီး မောင်းသူမဲ့ ဘတ်စ်ကားတွေကို အခမဲ့ ခေါက်တို ပြေးဆွဲပေးတော့မှာ ဖြစ်ပါတယ်။
Ohio ပြည်နယ်ဟာ မောင်းသူမဲ့ကားနည်းပညာရဲ့ အချက်အချာကျ ပြည်နယ်တခုဖြစ်ဖို့ လိုလားနေပြီး၊ မောင်းသူမဲ့ကား တွေကို လမ်းမကြီးတွေမှာ စမ်းသပ်ခွင့်ကိုလည်း ချပေးထားပါတယ်။
Ohio ပြည်နယ်ရဲ့ ပထမဆုံး မောင်းသူမဲ့ ခေါက်တိုဘတ်စ်ကားဝန်ဆောင်မှု ဖြစ်လာမယ့် Smart Circuit ကို Ohio ပို့ဆောင်ရေးဌာန နဲ့ စမတ်စီးတီးအကောင်အထည်ဖော်ရေး အစီအစဉ် Smart Columbus တို့ ပူးပေါင်း အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ Ohio ပြည်နယ် ၊ Columbus မြို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က စတင် ပြေးဆွဲသွားမှာပါ။
Smart Circuit ကို May Mobility ယာဉ် သုံးစီးနဲ့ Scioto Mile အပန်းဖြေဇုန် ပတ်လည် ၁.၅ မိုင် ပတ်လမ်းကြောင်း အတွင်း လွန်းပြန် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ မနက် ၆ နာရီ ကနေ ည ၁၀ နာရီအထိ ပြေးဆွဲပေးမှာ ဖြစ်ကာ၊ မှတ်တိုင် လေးခု ကနေ ၁၀ မိနစ်ခြားတခါ ထွက်မှာ ဖြစ်ပါတယ်။
Ohio မောင်းသူမဲ့ယာဉ် စမ်းသပ်မှု ဥပဒေအရ လူသားယာဉ်မောင်းတဦးက အရန်အဖြစ် ယာဉ်အတွင်း လိုက်ပါပေးမှာပါ။ ယာဉ်စီးခ ပေးချေစရာ မလိုဘူးလို့ သိရပါတယ်။ မောင်းသူမဲ့ လွန်းပြန်ယာဉ် တစီးမှာ ခရီးသည်ထိုင်ခုံ ၄ ခုံ ပါဝင်ပြီး၊ တနာရီ ၂၅ မိုင်နှုန်းနဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။
ယခု ဝန်ဆောင်မှုဟာ သာမန် ဘတ်စ်ကားလိုင်းတွေကို အပြည့်အဝ အစားထိုးနိုင်မယ့် အစီအစဉ်တော့ မဟုတ်ပါဘူး။
မောင်းသူမဲ့ယာဉ်နည်းပညာကို ပိုမို လေ့လာနိုင်ဖို့နဲ့ Columbus ရဲ့ ပို့ဆောင်ရေး ကွန်ရက်ကို ပိုမို တိုးတက်စေဖို့ ရည်ရွယ် စမ်းသပ်ချက်သာ ဖြစ်ပါတယ်။ ဒါ့အပြင် မောင်းသူမဲ့နည်းပညာကို ဒေသခံတွေ ပိုမို စိတ်ဝင်စား၊ ထောက်ခံမှု ရရှိဖို့အတွက်လည်း အထောက်အကူ ဖြစ်မှာပါ။
မောင်းသူမဲ့ယာဉ်နဲ့ နည်းပညာတွေကို ဖန်တီးထုတ်လုပ်နေတဲ့ May Mobility ကုမ္ပဏီအတွက်လည်း ယခု ဝန်ဆောင်မှုက အရေးပါတဲ့ ခြေလှမ်း တရပ်ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇွန်လ တုန်းကလည်း Detroit မှာ မောင်းသူမဲ့ လွန်းပြန်ဘတ်စ်ကားတွေကို ချထားခဲ့ပြီးပါပြီ။
Ohio မှာ စတင်မယ့် Smart Circuit အစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စု အနှံ့မှာ မောင်းသူမဲ့ လွန်းပြန်ဘတ်စ်ကားတွေ ပြေးဆွဲမယ့် May Mobility ရဲ့ ရည်ရွယ်ချက်ထံ တဆင့် နီးကပ်လာခြင်းပါ။
အားလုံး အဆင်ပြေချောမွေ့တယ်ဆိုရင်တော့ မကြာမီ နှစ်အနည်းငယ်အတွင်းမှာ မောင်းသူမဲ့ ဘတ်စ်ကား ဆိုတာ အမေရိကန်မှာ တွေ့နေကြအရာတွေ ဖြစ်သွားပါလိမ့်မယ်။
Ref: Engadget