မကြာမီအချိန်အတွင်း Walmart စတိုးတိုင်းမှာ ဝန်ထမ်းအသစ်တွေကို တွေ့မြင်ရတော့မှာပါ။ လူသားဝန်ထမ်းတွေတော့ မဟုတ်ပါဘူး။ AI နည်းပညာသုံး စက်ရုပ်တွေ ဖြစ်ပါတယ်။
Walmart ဟာ ၃၆၀ ဒီဂရီ ပတ်လည် အလိုလို မောင်းနှင်နိုင်တဲ့ ကြမ်းတိုက်စက်ရုပ်တွေကို လာမယ့်နှစ်၊ ဇန်နဝါရီလအတွင်း အမေရိကန်တနိုင်ငံလုံးက စတိုးတွေမှာ ထားရှိသွားမှာဖြစ်ကြောင်း Brain Corp နဲ့ သတင်း ပူးပေါင်း ထုတ်ပြန်ခဲ့ပါတယ်။
Brain Corp ဆိုတာကတော့ ယခုစက်ရုပ်တွေကို လည်ပတ်ခိုင်းစေတဲ့ Artificial Intelligence (သိဉာဏ်တု) နည်းပညာသုံး Brain OS ကို ရေးဆွဲထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး လက်လီအရောင်းကုမ္ပဏီ Walmart ဟာ Brain OS ရဲ့ အကူအညီနဲ့အတူ သန့်ရှင်းရေးစက်ရုပ် ၁၀၀ ကျော်ကို စတိုးတွေမှာ ချထား ပေးပြီးပါပြီ။
Brain Corp စက်ရုပ်တွေဟာ အလိုအလျောက် မောင်းနှင်သွားလာနိုင်တဲ့ စက်ရုပ်တွေ ဖြစ်တာကြောင့် စတိုးဝန်ထမ်း တွေအနေနဲ့ သန့်ရှင်းရေး လုပ်ရမယ့် လမ်းကြောင်း သတ်မှတ်ပေးပြီး ခလုတ်တချက်နှိပ်လိုက်ဖို့ပဲ လိုပါတယ်။ ပြီးတာနဲ့ စက်ရုပ်က သတ်မှတ်လမ်းကြောင်းကို အလိုအလျောက် ကြမ်းတိုက်ပေးသွားမှာပါ။
အာရုံခံကိရိယာအမျိုးမျိုး တပ်ဆင်ထားတဲ့အတွက် ဈေးလာဝယ်သူတွေနဲ့ တခြားအတားအဆီးတွေကို မတိုက်မိအောင်လည်း အလိုလို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
“လက်လီအရောင်းဆိုင်တွေမှာ ဈေးဝယ်သူတွေ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေ ဖန်တီးပေးဖို့ Walmart နဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့အပေါ် တကယ် ဝမ်းသာကျေနပ်မိပါတယ်။ BrainOS နည်းပညာဟာ စက်ရုပ်တွေကို လူသူ ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်တွေမှာ အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်အောင် စွမ်းဆောင် ပေးနိုင်ပါတယ်။ အလုပ်တွေ ပိုမို ပြီးမြောက်၊ သက်သာမှုကို အဘက်ဘက်က ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်” လို့ Brain Corp ရဲ့ CEO Dr. Eugene Izhikevich က ပြောပါတယ်။
အလိုအလျောက် မောင်းနှင် ကြမ်းတိုက်နိုင်တဲ့ စက်ရုပ်တွေ အလုပ်လုပ်နေစဉ်မှာ ဈေးဝယ်သူတွေ တက်စီးလို့ မရအောင်အတွက် ဘေးတဖက်တချက်မှာ အဝါရောင်လုံခြုံရေးကြိုးတွေ ချိတ်ထားမှာပါ။
ဒါ့အပြင် ယာဉ်လာနေကြောင်း ဈေးဝယ်သူတွေကို သတိပေးဖို့အတွက် အချက်ပြဥသြတခုလည်း ပါရှိမှာ ဖြစ်ပါတယ်။
Walmart သန့်ရှင်းရေးစက်ရုပ်တွေမှာ အချက်အလက်တွေ ကောက်ယူဖို့ အာရုံခံကိရိယာတွေလည်း ပါဝင်ပြီး၊ ရရှိလာတဲ့ ဒေတာတွေကို စတိုးရဲ့ Cloud စနစ်သုံး ပလက်ဖောင်းပေါ် ပြန်ပို့ပေးနိုင်ပါတယ်။ ဒီနည်းအားဖြင့် ဘယ်အတန်းမှာ ပစ္စည်းတွေ ပြတ်နေတယ်ဆိုတာ အလွယ်တကူ သိရှိနိုင်မှာပါ။
Brain Corp ရဲ့ စက်ရုပ်တွေဟာ Seattle ၊ San Diego ၊ Boston နဲ့ Miami လေဆိပ်တွေမှာလည်း ကြမ်းတိုက်ဖို့ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
Walmart ဟာ အလိုအလျောက် အလုပ်လုပ်နိုင်တဲ့ Automation နည်းပညာကို စမ်းသပ်မှုတွေ အားထည့် လုပ်ဆောင်နေပါတယ်။
ပစ္စည်းထားတဲ့ စင်တွေမှာ ပစ္စည်းကုန်နေရင်ဖြစ်ဖြစ် ဈေးမှားနေရင်ဖြစ်ဖြစ် သတိပေးနိုင်တဲ့ စက်ရုပ်တမျိုးကိုလည်း ဆိုင်နေရာပေါင်း ၅၀ မှာ ထားရှိ စမ်းသပ်လျက်ရှိပါတယ်။
Ref: DailyMail, NBC