Fortnite ဖန်တီးသူ Epic Games ကို Hip-hop အနုပညာရှင်တဦးဖြစ်တဲ့ 2 Milly က တရားစွဲဆိုထားပါတယ်။ သူ့ရဲ့ “Milly Rock” အက ကို ဂိမ်းထဲမှာ ဒေါ်လာပေး ဝယ်ယူရတဲ့ Emote အဖြစ် Game ပြောင်းလဲထားတာကြောင့် Epic Games ကို တရားစွဲဆိုထားတာပါ။
ဗုဒ္ဓဟူးနေ့က ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးမှာ အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်က ထုတ်ခဲ့တဲ့ 2 Milly ရဲ့ Milly Rock သီချင်းက အက ကို Fortnite က “Swipe It” လို့ နာမည်ပြောင်းကာ Emote အနေနဲ့ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လက ထွက်ရှိခဲ့တဲ့ ၁၀ ဒေါ်လာတန် Fortnite Season 5 Battle Pass ဝယ်ယူသူတိုင်း Tier 63 ရောက်ရင် “Swipe It” အက ကို ရရှိတာပါ။ တနည်းအားဖြင့် ပိုက်ဆံပေး ဝယ်ယူရတဲ့ သဘောပါပဲ။
2 Milly ကတော့ သူ့အက အခိုးခံလိုက်ရတယ်လို့ပဲ ခံစားနေရပြီး၊ Epic Games အနေနဲ့ Fortnite မှာ မထည့်ခင် သူ့ကို ကြိုတင် အသိပေးသင့်တယ်လို့ Kotaku ကို ပြောကြားခဲ့ပါတယ်။ 2 Milly ဟာ Epic Games ထံက နစ်နာကြေးနဲ့၊ အဆိုပါ အက ‘Emote’ ကို ဂိမ်းထဲကနေ အပြီးတိုင် ဖယ်ရှားပေးဖို့ လိုလားလျက် ရှိပါတယ်။
ခေတ်ပေါ်ယဉ်ကျေးမှု (Pop Culture) ကို ဖော်ကျူးတဲ့ ကကွက်တွေ၊ Memes တွေကို ဂိမ်းတွင်း ရောင်းချတဲ့ ပစ္စည်းတွေ အဖြစ် ပြောင်းချထားတဲ့ ဂိမ်းတွေ အများအပြားရှိတဲ့အထဲကမှ ယခုအမှုဟာ ပထမဦးဆုံးလို့ ဆိုရမှာပါ။ Fortnite ဂိမ်းဟာ ပလက်ဖောင်းအစုံမှာ အကောင့်ဖွင့် ကစားသူပေါင်း သန်း ၂၀၀ ကျော် ရရှိထားတဲ့ နာမည်ကျော် ဗီဒီယိုဂိမ်းတခု ဖြစ်ပါတယ်။
Fortnite ဟာ အခမဲ့ ကစားနိုင်တဲ့ ဂိမ်းတခုဖြစ်ပြီး၊ ဂိမ်းတွင်း ရောင်းချတဲ့ ဝတ်စုံတွေ၊ Emote ကကွက်တွေ နဲ့ပဲ အဓိက ဝင်ငွေ ရရှိနေတာပါ။ Fortnite မှာ “Swipe It” အပြင် နာမည်ကျော် ကကွက်တခုဖြစ်တဲ့ ‘Floss Dance’ နဲ့ Snoop Dog ရဲ့ “Drop It Like It’s Hot” က ကကွက်တွေလည်း ပါဝင်နေပါတယ်။
Fortnite ဂိမ်းဟာ လူမည်းအနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို အခွင့်မရှိ ယူကာ ပိုက်ဆံရှာနေကြောင်း Chance The Rapper က ဝေဖန်မှုတွေ လုပ်ခဲ့အပြီးမှာ 2 Milly ရဲ့ တရားစွဲမှု ပေါ်ထွက်လာတာပါ။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း သရုပ်ဆောင်မင်းသား Donald Faison က Scrubs ကားထဲက သူ့ ဇာတ်ကောင် Dr. Chris Turk ရဲ့ ကကွက်ကို Fortnite မှာ သုံးထားမှုကြောင့် ရှေ့နေနဲ့ တိုင်ပင်ဖို့ စဉ်းစားနေကြောင်း ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။
ကကွက်တွေကို မူပိုင်ခွင့် ယူနိုင်၊ မယူနိုင်က အငြင်းပွားစရာ ဖြစ်ပေမယ့် Epic Games အနေနဲ့ နာမည်ကြီး ကကွက်တွေကို ဂိမ်းတွင်း ရောင်းချတဲ့ ပုံစံကြောင့် တရားဥပဒေနဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မှာပါ။ ကကွက်ကို ဦးတည်ပြီး အမှုဖွင့်မှာထက် မူပိုင်ခွင့်ရပြီးသား ဂီတဗီဒီယိုတွေကို အသုံးချကာ Animations ဖန်တီးမှုတွေကြောင့် အမှု ရင်ဆိုင်ရဖို့ ပိုများပါတယ်။
Ref: The Verge