IT

ကျူးဘားမှာ 3G မိုဘိုင်းအင်တာနက် သုံးနိုင်ပြီ

ကျူးဘား နိုင်ငံသားတွေအနေနဲ့ မိုဘိုင်းအင်တာနက်ကို ဖုန်းနဲ့ ပထမဆုံးအကြိမ် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ကျူးဘားအစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီ Etesca က 3G ဝန်ဆောင်မှု စတင် ပေးတော့မယ့် အကြောင်းကို ရုပ်သံလိုင်းကနေ အင်္ဂါနေ့ ညနေမှာ ကြေညာခဲ့တာပါ။ ဒီဇင်ဘာ ၆ ရက်၊ ကြာသပတေးနေ့က စတင် အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ့မတိုင်ခင်တုန်းက ကျူးဘားနိုင်ငံသားတွေဟာ အင်တာနက်သုံးဖို့အတွက် Wi-Fi Hotspots တွေနဲ့ အင်တာနက်ကဖေး တွေကိုပဲ အားကိုးခဲ့ရပါတယ်။ မနှစ်ကမှ နေအိမ်ကို အင်တာနက်လိုင်း ချိတ်ဆက်နိုင်မှု စတင်ရရှိခဲ့ကြတာပါ။

3G မိုဘိုင်းအင်တာနက်လိုင်းကြောင့် ကျူးဘား ကျွန်းနိုင်ငံ အနှံ့အပြားကနေ အင်တာနက် ချိတ်ဆက် သုံးနိုင်တော့မှာ ဖြစ်ပေမယ့်၊ ကျူးဘားနိုင်ငံသားအများစုတော့ လက်လှမ်းမီဦးမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အင်တာနက် Data Package ဈေးနှုန်းတွေက 600MB ကိုတင် ၅.၅ စတာလင်ပေါင် ရှိနေပြီး 4GB ဆိုရင် ၂၃.၆၀ ပေါင် လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ကျူးဘားရဲ့ အခြေခံလစာဟာ ၁၅ ပေါင်ကနေ ၂၃ ပေါင်အတွင်းပဲ ရှိပါတယ်။

Havana ဒေသခံတဦးဖြစ်တဲ့ Joaquin Montiel က ယခု တိုးတက်မှုကို ဝမ်းသာအားရ ကြိုဆိုပေမယ့်၊ သူ့အတွက်တော့ ဈေးအရမ်းကြီးနေတယ်လို့ ဆိုပါတယ်။

ဒီဈေးနှုန်းကို မတတ်နိုင်သူတွေအနေနဲ့ အိမ်ကနေ ထွက်ပြီး၊ အများသုံး Hotspots မှာ ပိုးကောင်မွှားကောင် အကိုက်ခံရင်း တကိုယ်ရည်လွတ်လပ်ခွင့် မရှိ အင်တာနက် သုံးနေရဦးမှာပါ။

“သက်သောင့်သက်တာနဲ့ အင်တာနက်သုံးနိုင်ရင် သိပ်ကောင်းမှာပေါ့” လို့ အမေရိကန်ရောက် မိသားစုနဲ့ Hotspots တွေကနေ ဗီဒီယိုပြောလေ့ရှိသူ အသက် ၃၈ နှစ်အရွယ် Guillermo Diaz က ဆိုပါတယ်။

Raul Castro နေရာကို လက်ရှိ သမ္မတ Miguel Diaz-Canel ဆက်ခံပြီးနောက်မှာ ကျူးဘား အာဏာပိုင်တွေဟာ အင်တာနက်ချိတ်ဆက်သွယ်မှုကို ပိုမိုတိုးတက် ကောင်းမွန်လာအောင် ကြိုးစားလျက် ရှိပါတယ်။ သမ္မတ ကိုယ်တိုင် ကလည်း Twitter အကောင့်တခုကို အောက်တိုဘာလ ကတည်းက ဖွင့်သုံးနေပါပြီ။

ကျူးဘားနိုင်ငံသားတွေအနေနဲ့ မြောက်ကိုရီးယားလို နိုင်ငံတွင်းကွန်ယက် Intranet ပဲ သုံးရမှာတော့ မဟုတ်ဘဲ၊ အမှန်တကယ် World Wide Web အသုံးပြုနိုင်မှာပါ။

ဒါပေမယ့် Florida ကနေ ကွန်မြူနစ်ဆန့်ကျင်ရေးသတင်းတွေ လွှင့်နေတဲ့ အမေရိကန်ကျောထောက်နောက်ခံ ဝဘ်ဆိုဒ်တွေနဲ့ ကျူးဘားမှာ ပြောင်းလဲမှုကို တောင်းဆိုနေတဲ့ တခြား ဆိုဒ်အနည်းငယ်ကိုတော့ ပိတ်ထားတယ်လို့ သိရပါတယ်။

Ref: The Independent, BBC

Loading