Huawei တည်ထောင်သူ Dong Mingzhu ရဲ့ သမီးဖြစ်သူ Meng Wanzhou ကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
Meng Wanzhou ဟာ Huawei ရဲ့လက်ရှိ ဘဏ္ဍာရေးအရာရှိချုပ် (CFO)နဲ့ လက်ထောက်ဥက္ကဌ (Deputy Chairwoman) အဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
ဖမ်းဆီးရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ မထုတ်ပြန်ရသေးပါဘူး။ ဒါပေမယ့်အီရန်အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှုကို Huawei က ချိုးဖောက်နေကြောင်း သံသယရှိတာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ The Globe and Mail က ဆိုပါတယ်။
ကနေဒါနိုင်ငံ၊ တရုတ်သံရုံးက Meng Wanzhou အဖမ်းခံရမှုကို လုံးဝ ကန့်ကွက်တယ်လို့ ဆိုပြီး၊ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဘာစွဲချက်တွေနဲ့ ဖမ်းလဲဆိုတာ Huawei ကုမ္ပဏီကိုယ်တိုင် သေချာမသိရသေးဘဲ၊ Ms Meng ဘက်က အမှားအယွင်း တစုံတရာ ကျူးလွန်ထားတာမျိုးကို မသိရှိကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေချိန်မှာ တရုတ်အခြေစိုက်ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းပစ္စည်းကုမ္ပဏီနဲ့ ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီရဲ့ CFO ကို ဖမ်းဆီးမှုဖြစ်ပွားခဲ့တာပါ။
ဒါ့အပြင် အနောက်နိုင်ငံတွေမှာ Huawei နည်းပညာတွေ အသုံးပြုမှုကို ထိန်းချုပ်ပိတ်ပင်မှုတွေလုပ်နေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အဖမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
US ၊ သြစတြေးလျနဲ့နယူးဇီလန်နိုင်ငံတွေဟာ 5G မိုဘိုင်းကွန်ရက် ဖော်ဆောင်ရာမှာ Huawei ပစ္စည်းတွေ အသုံးမပြုဖို့ လည်း တားမြစ်ထားကြပါတယ်။ အမေရိကန်သမ္မတ Donald Trump ကလည်း အစိုးရအေဂျင်စီတွေအနေနဲ့ Huawei ရဲ့ ပစ္စည်းတွေ ဝန်ဆောင်မှုတွေ လုံးဝ အသုံးမပြုဖို့ကိုအမိန့်ထုတ် တားမြစ်ထားပါတယ်။
U.K ကတော့ Huawei ပစ္စည်းတွေ မသုံးဖို့ ကုမ္ပဏီတွေကို တားမြစ်ထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် U.K ရဲ့ တယ်လီကွန်းကွန်ရက်ကို ကြီးစိုးထားတဲ့ BT ကုမ္ပဏီကတော့ 5G အခြေခံအဆောက်အဦတွေမှာ Huawei ပစ္စည်းတွေ သုံးမှာမဟုတ်ကြောင်းယခုတပတ်အတွင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Huawei ကုမ္ပဏီရဲ့ လက်ထောက်ဥက္ကဌလည်းဖြစ်တဲ့ Ms Meng ကို အာမခံကြေးနဲ့ အချုပ်လွှတ်ခွင့် (bail hearing) ပြု၊ မပြုကို သောကြာနေ့မှာ ကြားနာသွားမှာ ဖြစ်ပါတယ်။
Ref: Tech Crunch, BBC