Apple ဟာ အိပ်စက်မှု တိုင်းတာတဲ့ စမတ်ပစ္စည်း (Sleep-tracking device) တခုကို ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက် ထုတ်လုပ်လိုက်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက Sleep-tracking ဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ Beddit ကုမ္ပဏီကို Apple က ဝယ်ယူခဲ့ပြီးနောက်၊ ထွက်ရှိလာတဲ့ Beddit ဆန်ဆာအသစ်ပါ။
Beddit 3.5 Sleep Monitor ဟာ သေးငယ်တဲ့ ဆန်ဆာ ကြိုးပြားတခုဖြစ်ပြီး၊ မွေ့ရာ အိပ်ရာခင်းအောက်မှာ ထားရှိ အသုံးပြုရတာပါ။
စမတ်ကြိုးပြားဟာ ၂ မီလီမီတာပဲ အထူရှိတဲ့အတွက် ခန္ဓာကိုယ်အောက်မှာ ဖုထစ်ထစ် ဖြစ်မနေဘဲ သက်သောင့်သက်သာ အိပ်စက်နိုင်မှာပါ။ အိပ်စက်မှုအချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှုပုံ၊ ဟောက်သံ၊ အခန်း အပူချိန်နဲ့ စိုထိုင်းဆ တို့ကို တောက်လျှောက် တိုင်းတာပေးထားနိုင်တဲ့ Tracker တခု ဖြစ်ပါတယ်။
အိပ်စက်မှု တိုင်းတာနိုင်တဲ့ ကျန်းမာရေးစမတ်လက်ပတ်တွေထက် အားသာချက်တခုကတော့ ခန္ဓာကိုယ်မှာ ပတ်ပြီး အိပ်စက်စရာမလိုတာပါ။ ဝတ်ဖို့ မေ့သွားတာမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။
အိပ်စက်မှုဆိုင်ရာ အချက်အလက် နဲ့ အိပ်ရာဝင်ချိန် သတိပေးချက်တို့ကိုလည်း Apple Watch နဲ့ ချိတ်ဆက်ကာ၊ ကြည့်နိုင်ပါတယ်။ ဒေတာတို့ကို iOS 12 နဲ့ အထက်က Health app ကနေလည်း အိပ်စက်မှုဆိုင်ရာ အသေးစိတ် ဒေတာတွေနဲ့ နှလုံးခုန်နှုန်း တို့ကို ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Beddit 3.5 ဟာ လူရဲ့ အိပ်စက်မှု ပုံစံ ကို မှတ်သားလေ့လာကာ၊ အိပ်ရာဝင်သင့်တဲ့ အချိန်နဲ့ အိပ်ရာထသင့်တဲ့ အချိန်ကိုပါ ပြောပြပေးနိုင်ပါတယ်။
Beddit 3.5 ကို အိပ်ရာ၊ မွေ့ရာ မရွေး အသုံးပြုနိုင်ပြီး၊ အိပ်ရာခင်းအောက်က ဖြစ်စေ၊ အပေါ်က ဖြစ်စေ ထားရှိ အသုံးပြုလို့ရပါတယ်။ ဈေးနှုန်းကတော့ ၁၅၀ ဒေါ်လာပါ။
Ref: The Verge, DailyMail