ဂျပန်အစိုးရဟာ တရုတ်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Huawei Technologies Co Ltd နဲ့ ZTE Corp ရဲ့ ပစ္စည်းတွေကို ဝယ်ယူမှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ Reuters သတင်းတပုဒ်မှာ ရေးသားထားပါတယ်။
သတင်းအချက်အလက်ပေါက်ကြားမှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ် ကာကွယ်ရေး တိုးမြှင့်ဖို့အတွက် ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြထားပါတယ်။
တရုတ်အစိုးရဟာ တရုတ်နည်းပညာကုမ္ပဏီတွေကို ထောက်လှမ်းရေးအတွက် အသုံးချနိုင်ဖွယ် ရှိတယ် ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေဟာ တရုတ်ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက် ရှိပါတယ်။
အမေရိကန်မှာ Huawei နဲ့ ZTE ပစ္စည်းတွေကို အစိုးရလုပ်ငန်းတွေမှာ ဝယ်မသုံးဖို့ တားမြစ်ထားသလို၊ သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတို့ကလည်း 5G ကွန်ယက် တည်ဆောက်ရာမှာ Huawei ပစ္စည်းတွေ မသုံးဖို့ ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံဟာ Huawei ကုမ္ပဏီရဲ့ CFO ကိုလည်း အီရန် စီးပွားရေးပိတ်ဆို့မှု ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ကနေဒါနိုင်ငံမှာ လွန်ခဲ့တဲ့ တရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။
Huawei နဲ့ ZTE ပစ္စည်းတွေကို ဂျပန်က အဝယ် ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းကို ဂျပန်အခြေစိုက် Yomiuri သတင်းစာက သောကြာနေ့မှာ ပထမဆုံး ဖော်ပြခဲ့တာပါ။ အစိုးရရဲ့ ပစ္စည်းဝယ်ယူမှုဆိုင်ရာ စည်းမျဉ်းစည်ကမ်းတွေကို တနလာၤနေ့မှာ ပြင်ဆင်သတ်မှတ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဂျပန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းအရာရှိ Yoshihide Suga ကတော့ ယခုသတင်းကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်ဟာ ဆိုက်ဘာလုံခြုံရေး အပါအဝင် နယ်ပယ်ပေါင်းစုံမှာ အမေရိကန်အစိုးရနဲ့ နီးကပ်စွာ ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။
“ ဆိုက်ဘာလုံခြုံရေးဟာ ဂျပန်ရဲ့ အရေးကြီး ပြဿနာတခု ဖြစ်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘက်ပေါင်းစုံကနေ တင်းကြပ်စွာ ကြပ်မတ်လုပ်ဆောင်သွားပါမယ်” လို့ ဆိုပါတယ်။
Huawei နဲ့ ZTE ပစ္စည်းတွေကို အစိုးရ ဝယ်ယူမှု ပိတ်ဖို့ပဲ ရှိပြီး၊ အရပ်ဘက် ကုမ္ပဏီတွေကိုတော့ အဝယ် ကန့်သတ်ပိတ်ပင်ဖို့ ခဲယဉ်းမှာဖြစ်ကြောင်း သတင်းရင်းမြစ်တခုက ဆိုပါတယ်။
ဒါပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးက အရပ်ဘက် ကုမ္ပဏီ တချို့အနေနဲ့လည်း တရုတ်ကုမ္ပဏီတွေနဲ့ ဖယ်ခွာမှုတွေ ပြုလုပ်နေကြပါတယ်။
အမေရိကန်မှာဆို SoftBank ရဲ့ လက်အောက်ခံကုမ္ပဏီ Sprint Corp ဟာ Huawei နဲ့ ZTE ပစ္စည်းတွေ သုံးတော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဗြိတိန်ရဲ့ BT Group ကလည်း လက်ရှိ 3G နဲ့ 4G ကွန်ရက်တွေမှာ တပ်ဆင်ထားတဲ့ အခြေခံ နက်ဝေ့ါခ်ပစ္စည်းတွေကို ဖယ်ရှားနေပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် လာမယ့် 5G ကွန်ရက်တွေမှာလည်း အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
Huawei ကုမ္ပဏီဘက်ကတော့ ဘေဂျင်းအစိုးရရဲ့ လွှမ်းမိုးမှု လုံးဝမရှိကြောင်း ထပ်ခါတလဲလဲ ငြင်းချက်ထုတ်ထားပါတယ်။
Ref: Reuters