ဖုန်းမေ့ကျန်ရင် သတိပေးမယ့် Google စမတ်ဂျာကင်
Google ကနေ ဖုန်း၊ Tablet ၊ လက်ပ်တော့ နဲ့ အိမ်သုံး စမတ်ပစ္စည်းတွေ ထုတ်နေတာကို အားလုံး သိကြမှာပါ။ ဒါပေမယ့် Google နဲ့ Levi’s တို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Commuter X Jacquard စမတ်ဂျာကင်ကိုတော့ လူသိနည်းပါတယ်။
Jacquard စမတ်ဂျာကင်ကို ၂၀၁၇ ခုနှစ်မှာ စတင်ရောင်းချခဲ့တာ ဖြစ်ပြီး၊ ဒီဂျာကင်အတွက် လုပ်ဆောင်ချက်အသစ်တွေကို Google ဘက်က ပုံမှန် ထုတ်ပေးနေခဲ့ပါတယ်။ ဒီနေ့မှာလည်း Jacquard စမတ်ဂျာကင် အတွက် Always Together ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တမျိုးကို ထပ်ထုတ်ပေးလိုက်ပါတယ်။
Always Together ဟာ ဖုန်းနဲ့ ဂျာကင်တို့ သတ်မှတ်အကွာအဝေး ကျော်လွန်သွားတဲ့အခါ အလိုအလျာက် သတိပေးမယ့် လုပ်ဆောင်ချက်တခု ပါ။
ဒီ လုပ်ဆောင်ချက် ဖွင့်ထားမယ်ဆိုရင် ဖုန်း(သို့) ဂျာကင် မေ့ကျန်ခဲ့တာနဲ့ နှစ်ဘက်စလုံးမှာ အသိပေးချက် ဝင်လာမှာ ဖြစ်ပါတယ်။ ဖုန်းမေ့ကျန်ခဲ့တယ်ဆိုရင် ဂျာကင် လက်ဖျားက တံဆိပ်က တုန်ခါပြီး၊ မီး မှိတ်ချည်လင်းချည် အချက်ပြပေးမှာပါ။ ဒီအတိုင်းပဲ ဂျာကင်မေ့ကျန်ခဲ့တယ်ဆိုရင် ဖုန်းထဲမှာ အသိပေးချက် ဝင်လာပါမယ်။ အမြဲတမ်း ပစ္စည်းတခုခု မေ့ကျန်လေ့ရှိသူတွေအတွက် အသုံးဝင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။
Jacquard စမတ်ဂျာကင်မှာ ဖုန်းတည်နေရာကို ရှာဖွေနိုင်တဲ့ ‘Find Your Phone’ လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။ ဂျာကင်နဲ့ တွဲသုံးရတဲ့ Jacquard App ကနေ လက်အမူအရာပုံစံ တခု ထည့်ထားပြီး၊ ဖုန်း ရှာမတွေ့ဘူးဆိုရင် လက်အမူအရာနဲ့ ဖုန်းကို အသံအကျယ်ဆုံး လှမ်းမြည်ခိုင်းနိုင်ပါတယ်။
Jacquard စမတ်ဂျာကင်မှာ စမတ်ဖုန်းက သီချင်းဖွင့်ထားတာကို Touch နဲ့ လှမ်းထိန်းချုပ်နိုင်တဲ့ လုပ်ဆောင်ချက်၊ Uber ဒါမှမဟုတ် Lyft အဌားယာဉ် ရောက်လာရင် အသိပေးမယ့် စနစ် စတဲ့ လုပ်ဆောင်ချက် မျိုးစုံလည်း ပါဝင်ပါသေးတယ်။
Levi’s နဲ့ Google တို့ ပေါင်းထုတ်ထားတဲ့ စမတ်ဂျာကင်ကို ၃၅၀ ဒေါ်လာဈေးနဲ့ Levi.com ကနေ ဝယ်ယူနိုင်ပါတယ်။
Ref: The Verge, Android Police