Display မှာ ကင်မရာအတွက် အပေါက်ဖောက်ထားတဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းကို Huawei ရဲ့ အမှတ်တံဆိပ်ခွဲ တခုဖြစ်တဲ့ Honor က မိတ်ဆက်လိုက်ပါပြီ။ Honor V20 လို့ အမည်ရပြီး၊ ဟောင်ကောင်မှာ တနင်္လာနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
Samsung ကလည်း အလားတူ Display အပေါက်နဲ့ ဖုန်းကို ယနေ့ မိတ်ဆက်မှာဖြစ်ပေမယ့်၊ Huawei က နာရီပိုင်း စောပြီး မိတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“ကမ္ဘာ့ပထမဆုံး Screen အတွင်း ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်း” လို့ ကြွေးကြော်ထားတဲ့ Honor V20 ရဲ့ Screen အပေါ်၊ ဘယ်ဘက်ထိပ်ဆုံးမှာ သေးငယ်တဲ့ အပေါက်လေးတခုကို တွေ့မြင်ရမှာပါ။ အချင်း ၄.၅ မီလီမီတာပဲ ရှိတဲ့အတွက် Screen နဲ့ ကိုယ်ထည်အချိုးက ပိုများလာပါတယ်။
Honor ရဲ့ V20 စမတ်ဖုန်းဟာ ဈေးကွက်တွင်းမှာ 48-megapixel ကျောကင်မရာဆန်ဆာ ပါဝင်လာတဲ့ ပထမဆုံးဖုန်း လည်း ဖြစ်ပါတယ်။ Sony ရဲ့ IMX586 CMOS ဆန်ဆာသုံးထားတယ်လို့ ဆိုပါတယ်။ Mate 20 နဲ့ Mate 20 Pro လို Flagship ဖုန်းတွေမှာ သုံးထားတဲ့ Kirin 980 Chipset လည်း ပါဝင်လာပါတယ်။
ဒါ့အပြင် View 20 မှာ “Link Turbo” ဆိုတဲ့ AI သုံး လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။ အကောင်းဆုံး မြန်နှုန်းကို ရရှိဖို့အတွက် 4G LTE နဲ့ Wi-Fi လိုင်းတို့ကို ပေါင်းစပ် အသုံးပြုပေးမယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။
Wi-Fi လိုင်း မကောင်းတဲ့အခါလည်း 4G ကို အလိုလို ပြောင်းပေးသွားမှာပါ။ လိုင်းမကောင်းလည်း Wi-Fi ပဲ ချိတ်နေတတ် တဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒီဖုန်းနဲ့ ပတ်သက်တဲ့ တခြား အချက်အလက်တွေကိုတော့ ဒီဇင်ဘာ ၂၆၊ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ပြုလုပ်မယ့် ပွဲမှာ ကြေညာသွားမှာပါ။
နိုင်ငံတကာဈေးကွက်အတွက် မိတ်ဆက်ပွဲကိုတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဇန်နဝါရီ ၂၂ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ Twitter မှာ ရေးသားထားပါတယ်။
Honor V10 တုန်းကအတိုင်း ဒီဖုန်းကို တချို့နိုင်ငံတွေမှာ Honor View 20 အဖြစ် မိတ်ဆက်သွားဖို့ ရှိပါတယ်။
Ref: Gadgets NDTV, Engadget