Google+ လူမှုကွန်ရက်ပလက်ဖောင်းဟာ ဒုတိယအကြိမ် လုံခြုံရေးကျိုးပေါက်မှု ဖြစ်ပွားခဲ့တာကြောင့် မူလသတ်မှတ်အချိန်ထက် စောစီးစွာ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း Google+ ဟာ အသုံးပြုသူ သန်းတဝက်လောက်ရဲ့ အချက်အလက်တွေကို သုံးနှစ်တာအထိ အကာအကွယ်မဲ့ ပေါက်ကြားနေကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် ကုမ္ပဏီဟာ Google+ ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ အပြီးတိုင် ပိတ်သိမ်းမှာဖြစ်ကြောင်း ချက်ချင်း ကြေညာခဲ့ရပါတယ်။
ဒါပေမယ့် ပိုမို ဆိုးရွားတဲ့ လုံခြုံရေးဟာကွက်တခုကို ယခု ထပ်မံ တွေ့ရှိခဲ့တယ်လို့ Google က ယနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် Google+ ကို မူလ သတ်မှတ်ရက်ထက် လေးလ စောပြီး ဧပြီလအတွင်း ပိတ်သိမ်းတော့မှာပါ။
Google ဟာ ဒုတိယမြောက် လုံခြုံရေးဟာကွက်ကို နိုဝင်ဘာ ၇ ရက်နေ့က ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့အထိ ရှိနေခဲ့တဲ့ အဆိုပါဟာကွက်ကြောင့် အသုံးပြုသူ ၅၂.၅ သန်းကျော်ရဲ့ အမည်၊ အီးမေးလ်လိပ်စာ၊ အလုပ်အကိုင်၊ ကျား/မ၊ မွေးနေ့၊ Relationship အခြေအနေ ၊ အသက်အရွယ် စတဲ့ အချက်အလက်တွေကို Developers တွေ ရယူခွင့် ရခဲ့ပါတယ်။
မိမိအကောင့်ကို Private လုပ်ထားရင်တောင် အချက်အလက်တွေ ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Google ကတော့ ယခု API bug ကို အသုံးချပြီး၊ ဒေတာ ရယူ၊ အလွဲသုံးစား လုပ်တာမျိုး မတွေ့ခဲ့ဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် အခြေအနေ ဆိုးရွားနေတဲ့ Google+ ကို မူလ သတ်မှတ်ရက်ထက် စောပြီး၊ အပြီးတိုင် ပိတ်သိမ်းတော့မှာပါ။
Ref: The Verge, Engadget