စမတ်ဖုန်း၊ တီဗီနဲ့ တခြား အိမ်သုံးစက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ LG ကုမ္ပဏီဟာဘီယာ ဈေးကွက်ထဲကိုပါ ဝင်ရောက်လာပါပြီ။ LG Electronics ဟာ HomeBrew လို့ ခေါ်တဲ့ အိမ်သုံး ဘီယာချက်စက်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ Los Angeles မြို့မှာ ပြုလုပ်မယ့် CES 2019 ပွဲမှာ အသေးစိတ် ပြသသွားမှာ ဖြစ်ပါတယ်။ LG HomeBrew ဟာ Capsule ဘူးတောင့်တွေကို စက်ထဲထည့်ပြီး၊ ခလုတ်တချက်နှိပ်ရုံနဲ့ ဘီယာအပြီးအစီး ချက်ပေးနိုင်တဲ့ စက်တလုံး ဖြစ်ပါတယ်။
“American IPA” , “American Pale Ale” ,”English Stout” , “Belgian စတိုင် Witbier” နဲ့ “Czech Pilsner” ဆိုပြီး နာမည်ကျော် ဘီယာအမျိုးအစား ၅ မျိုး ချက်ပေးနိုင်တဲ့ Capsule ၅ မျိုး ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ Capsule ဘူးတောင့်တိုင်းမှ ာဘီယာချက်ဖို့ လိုအပ်ပစ္စည်းတွေဖြစ်တဲ့ မုယော၊ တစေး၊ ဗျစ်ပန်းဆီနဲ့ အနံ့အရသာ ပစ္စည်းတွေပါဝင်မှာ ဖြစ်ပါတယ်။
ကစော်ဖောက်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အမြှပ်ထအောင် လုပ်ခြင်းကနေ အသင့်သောက်သုံးနိုင်တဲ့ အဆင့်ထိကို စက်က အလိုအလျောက် ဆောင်ရွက်ပေးသွားမှာပါ။ စက်ထဲမှာ ဘီယာကို အရသာမပျက် သိုလှောင်ထားနိုင်သလို အားလုံးပြီးစီးသွားတဲ့အခါမှာလည်း သန့်ရှင်းရေးကို စက်က အလိုလို လုပ်ပေးဦးမှာပါ။
ရေနွေးနဲ့ လေပူတို့ကို အသုံးပြုပြီး ဘီယာ အကြွင်းအကျန်တွေကို ရှင်းလင်း သန့်စင် ပးမှာ ဖြစ်တဲ့အတွက် ညစ်ညမ်းမှုရှိမှာပူစရာ မလိုပါဘူး။
LG HomeBrew စက်ကို Androidနဲ့ iOS က သက်ဆိုင်ရာ App ကနေလည်း ထိန်းချုပ်နိုင်ပြီး၊ ဘီယာချက်မှု အဆင့်ဆင့်ကို စောင့်ကြည့်နိုင်ပါတယ်။ ဘီယာအမျိုးအစားအလိုက် တခါချက်ရင် တပတ်လောက် ကြာမြင့်မှာဖြစ်ပြီး၊ ဘီယာ ၅ လီတာ အထိ ချက်ပေးနိုင်ပါတယ်။
“LG HomeBrew ဟာ ဆယ်စုနှစ်များစွာအတွင်း LG က ဖန်တီးခဲ့တဲ့ အိမ်သုံးပစ္စည်းနဲ့ ရေသန့်စင်မှုနည်းပညာတွေရဲ့ ရလဒ်တခုဖြစ်ပါတယ်” လို့ LG Electronics Home Appliances and AirSolution ဥက္ကဋ္ဌ Song Dae-hyun က ပြောကြားခဲ့ပါတယ်။
LG ဟာ HomeBrew စက်ရဲ့ ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ၊ လာမယ့် CES 2019 ပွဲကျမှ အပြည့်အစုံ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
Ref: The Drink Business, The Verge