IT

တနှစ်တိတိ စမတ်ဖုန်း မသုံးဘဲ နေနိုင်သူကို ဒေါ်လာ ၁ သိန်း ချီးမြှင့်မယ့် ပြိုင်ပွဲ

The Coca-Cola Company က ထုတ်လုပ်တဲ့ Vitaminwater အားဖြည့်အချိုရည်က ထူးထူးဆန်းဆန်း ပြိုင်ပွဲတခုကို Twitter ကနေ ကြေညာလိုက်ပါတယ်။ တနှစ်တိတိ စမတ်ဖုန်း လုံးဝ အသုံးမပြုဘဲ နေနိုင်သူတဦးကို ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သိန်း ပေးအပ်မယ့် ပြိုင်ပွဲပါ။ ပြိုင်ပွဲကို “#NoPhoneForAYear”လို့ နာမည်ပေးထားပါတယ်။

ဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင် လိုသူတွေအနေနဲ့ Twitter သို့မဟုတ် Instagram မှာ #nophoneforayear နဲ့ #contest ဆိုတဲ့ hashtags လေးတွေ ခံပြီး၊ ပို့စ်တခု တင်ပေးရမှာ ဖြစ်ပါတယ်။ အဆိုပါ ပို့စ်မှာတော့ စမတ်ဖုန်း မသုံးရတဲ့ အချိန် တနှစ်အတွင်းမှာ ဘာတွေလုပ်ဖို့ စဉ်းစားထားတယ် ဆိုတာကိုလည်း ရေးသားပေးရမှာပါ။

ပြိုင်ပွဲဝင်ခွင့် ပို့စ်တွေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့အထိ လက်ခံသွားမှာဖြစ်ပြီး၊ ပို့စ် အားလုံးထဲကမှ အမှတ်အများဆုံးရတဲ့ ပို့စ်ပိုင်ရှင်တဦးကို အကဲဖြတ်လူကြီးတွေက ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ အမှတ်ပေးပုံစံကတော့ ပို့စ်ရဲ့ ဖန်တီးနိုင်စွမ်း၊ အမှတ်တံဆိပ်နဲ့ ဆီလျော်မှု၊ ဟာသမြောက်မှု အချက်အလက်တွေကို အမှတ် ၃၀ စီ ပေးသွားမှာဖြစ်ကာ၊ သဒ္ဒါနဲ့ စာလုံးပေါင်းမှန်ကန်မှုကိုတော့ ၁၀ မှတ် ပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ခွင့်ရသူကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကြေညာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝင်ခွင့်ရသူအနေနဲ့လည်း ဒေါ်လာ ၁ သိန်းကို လွယ်လွယ် ရရှိမှာတော့ မဟုတ်ပါဘူး။ နောက်ထပ် စည်းမျဉ်းစည်းကမ်းတွေ ရှိသေးပါတယ်။

Vitaminwater ဟာ ရွေးချယ်ခံရသူကို ယှဉ်ပြိုင်စဉ်အတွင်း စမတ်ဖုန်းနဲ့ တက်ဘလက်တွေ လုံးဝ ကိုင်ခွင့် မပေးဘဲ၊ ၁၉၉၆ ခေတ်လောက်က ဆဲလ်ဖုန်း တလုံးသာ ပေးထားမှာ ဖြစ်ပါတယ်။ တခြားလူတွေရဲ့ စမတ်ဖုန်းလည်း ယူကြည့်လို့ မရပါဘူး။ လက်ပ်တော့၊ စားပွဲတင်ကွန်ပျူတာနဲ့ Google Home (သို့မဟုတ်) Amazon Echo လို စမတ်ပစ္စည်းတွေကိုတော့ သုံးနိုင်တယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲဝင်အနေနဲ့ စမတ်ဖုန်း သုံး၊ မသုံးကိုတော့ Vitaminwater က အချိန်ပြည့် စောင့်ကြည့်နေမှာ မဟုတ်ပါဘူး။ တနှစ်ပြည့်တဲ့အခါကျမှ မုသားစစ်ဆေးစက် (Lie Detector) နဲ့ လိမ်ညာမှု ရှိ၊ မရှိ စစ်ဆေးပြီး၊ ကျော်ဖြတ်နိုင်ရင် ဆုကြေးငွေ ဒေါ်လာ ၁ သိန်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အကယ်၍ ပြိုင်ပွဲဝင်ဟာ ၆ လအထိ စမတ်ဖုန်း မသုံးဘဲ နေနိုင်ခဲ့ရင် ကန်ဒေါ်လာ ၁ သောင်း ချီးမြှင့်သွားမှာ ဖြစ်ကာ၊ ၆ လအောက် ဆိုရင်တော့ တပြားမှ ရရှိမှာ မဟုတ်ပါဘူး။

Ref: Tech Spot

Loading