App Developers တွေထံ အသုံးပြုသူပေါင်း ၆ ဒဿမ ၈ သန်းရဲ့ ဓာတ်ပုံတွေ ပေါက်ကြားခဲ့ကြောင်း Facebook က ယခုအပတ် သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
ဆော့ဖ်ဝဲချို့ယွင်းချက် (Software Bug) တခုကြောင့် Apps တွေအနေနဲ့ အသုံးပြုသူက ခွင့်ပြုထားတဲ့ ဓာတ်ပုံတွေတင် မကဘဲ ခွင့်မပြုထားတဲ့ ဓာတ်ပုံတွေကိုပါ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကြားခဲ့တဲ့ ပုံတွေထဲမှာ Stories နဲ့ Marketplace မှာ တင်ထားတဲ့ ဓာတ်ပုံတွေနဲ့ Upload လုပ်ပြီးမှ အကြောင်းတခုခုကြောင့် မတင်ဖြစ်တော့တဲ့ ဓာတ်ပုံတွေပါ ပါဝင်ကြောင်း Facebook က အသိပေးချက် ထုတ်ပြန်ခဲ့တာပါ။
အဆိုပါ ဆော့ဖ်ဝဲချို့ယွင်းချက်ဟာ စက်တင်ဘာ ၁၂ ရက်က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ စက်တင်ဘာ ၂၅ ရက်နေ့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တွေ့တဲ့ရက်မှာပဲ ပြန်ပြင်ဆင်ပေးခဲ့ပေမယ့် ယခုမှ သတင်း ထုတ်ပြန်လိုက်တာပါ။
Bug ကြောင့် ဓာတ်ပုံပါသွားသူတွေကို Facebook က Notification ကနေတဆင့် အသိပေး အကြောင်းကြားသွားမှာပါ။ Facebook အကောင့်နဲ့ App တခုခုကို Log in ဝင်ရောက်ထားပြီး ဓာတ်ပုံတချို့ ရယူခွင့် Access ပေးထားသူတွေ ထိခိုက်ခဲ့တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
Developers တွေနဲ့ ပူးပေါင်းပြီး အခွင့် မရှိဘဲ ရလိုက်တဲ့ ဓာတ်ပုံတွေကို ပြန်ဖျက်သွားဖို့ လုပ်ဆောင်သွားပါမယ်လို့လည်း Facebook က ပြောကြားခဲ့ပါတယ်။
Ref: The Verge