ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ လူကြိုက်များခဲ့တဲ့ ROG Phone ကိုလည်း ပြည်တွင်းဈေးကွက်အတွက် မိတ်ဆက်သွားခဲ့ပါတယ်။
Snapdragon 632 SoC ၊ 6.3-inch all-screen display နဲ့ Pure Android စနစ်သုံး Zenfone Max M2 စမတ်ဖုန်းကို မြန်မာငွေ ၂၆၉,၀၀၀ ကျပ်နဲ့ရောင်းချသွားမှာပါ။ ဈေးသက်သက်သာသာနဲ့ ထွက်ရှိလာတဲ့ Mid-range ဖုန်း ကောင်းကောင်းတလုံး ကိုင်နိုင်မယ့် အခွင့်အရေးပါ။
Zenfone Max M2 မှာ လှပသေသပ်တဲ့ ဒီဇိုင်း၊ ကျောဘက် သတ္တုကိုယ်ထည်တို့ကို အသုံးပြုထားသလို၊ ကြာရှည်အသုံးပြုနိုင်ဖို့အတွက် 4,000mAh ဘက်ထရီကိုလည်း သုံးပေးထားပါတယ်။
ASUS Zenfone Max M2 မှာ Scene အမျိုးအစားပေါင်း ၁၃ မျိုးကို ခွဲခြားသိရှိနိုင်တဲ့ AI Scene Detection စနစ်ပါ ကျောကင်မရာ ၂ လုံးကိုလည်း သုံးပေးထားတဲ့အတွက် ရှုခင်းအမျိုးမျိုးမှာ အကောင်းဆုံး ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဗီဒီယိုအတွက် Electronics Image Stabilization (EIS) စနစ်လည်း ပါဝင်တဲ့အတွက် တုန်ခါမှုကင်းတဲ့ ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
2TB အထိ microSD ကတ် သပ်သပ် ထပ်စိုက်နိုင်တဲ့ Triple Slot ပါဝင်တာ၊ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့ရာမှာ အကောင်းဆုံး အသံထွက်ကို ခံစားနိုင်မယ့် NXP 9874 Smart Amplifier နဲ့စပီကာ ၅ ခု နည်းပညာတို့ ပါဝင်လာတာကလည်း ဝယ်ယူသူတွေ သဘောကျမယ့် အချက်တွေပါ။
Zenfone Max M2 စမတ်ဖုန်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ၂၆၉,၀၀၀ ကျပ် ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
Zenfone Max Pro M2 စမတ်ဖုန်းကတော့ Premium ခံစားချက်ကို ကောင်းကောင်း ပေးစွမ်းနိုင်မယ့် Mid-range ဖုန်းတလုံး ဖြစ်ပါတယ်။ လောလောဆယ် Flagship ဖုန်းတွေမှာပဲ မြင်တွေ့ရသေးတဲ့ နောက်ဆုံးပေါ် Gorilla Glass 6 ကို ၃ သိန်းဝန်းကျင် ဈေးနဲ့ သုံးပေးထားတာနဲ့တင် ဈေးတန်တယ် ပြောလို့ ရပါတယ်။ ဒီဈေးနှုန်းဝန်းကျင်ထဲမှာ Gorilla Glass 6 ပထမဆုံး ပါဝင်လာတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။
Zenfone Max Pro M2 ရဲ့ တခြားအချက်အလက်တွေကလည်း ဈေးနှုန်းနဲ့ ယှဉ်ရင် သဘောကျစရာတွေ ချည်းပါ။ 1080 x 2280 pixels ရှိတဲ့ 6.26-inch Display ၊ Snapdragon 660 AIE ၊ 5,000mAh ဘက်ထရီ ၊ 6GB RAM နဲ့ 64GB ROM တို့ကို အသုံးပြုထားသလို၊ ကျောဘက် ကိုယ်ထည်ကလည်း ဆွဲဆောင်မှု ရှိတဲ့ ရေလှိုင်းသဏ္ဍာန် 3D-curved glossy design နဲ့ ဖြစ်ပါတယ်။
Stock Android စနစ်နဲ့ပဲ ဖြစ်ပြီး၊ Scenes ၁၃ မျိုးကို သိရှိနိုင်တဲ့ AI Scene Recognition ပါ ကျောကင်မရာ ၂ လုံး၊ 4K UHD ဗီဒီယိုတွေပါ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ EIS စနစ်နဲ့ PDAF တို့လည်း ပါဝင်ပါတယ်။ f/1.8 Aperture နဲ့ 1.25 µm pixel size ၊ Sony IMX 486 Sensor တို့က ညဘက်တွေမှာလည်း အကောင်းဆုံး ဓာတ်ပုံတွေကို ပေးစွမ်းမှာပါ။
Zenfone Max Pro M2 3GB/32 GB ကို မြန်မာငွေ ၃၁၉,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ကာ၊ 6GB/64GB မော်ဒယ်ကို ၄၂၉,၀၀၀ ကျပ်နဲ့ ဇန်နဝါရီလအတွင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ASUS ဟာ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာ ဈေးကွက်မှာ လူကြိုက်များခဲ့တဲ့ Gaming စမတ်ဖုန်း ROG Phone ကိုလည်း ပြည်တွင်း ဈေးကွက်ကို ယူဆောင်လာပါတယ်။ အကောင်းဆုံး Mobile Gaming အရသာကို ပေးစွမ်းနိုင်မယ့် ROG Phone ကိုတော့ မြန်မာကျပ်ငွေ ၁,၄၉၉,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး၊ ၂၀၁၉ ဇန်နဝါရီလအတွင်း Pre-Order တင်နိုင်ပြီ ဖြစ်ပါတယ်။