နောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ လက်ဗွေဖတ်နည်း စနစ်အပြင် မျက်နှာပုံသဏ္ဍာန်ကို စစ်ဆေး၊ ဖတ်သားနိုင်တဲ့ Facial Recognition နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ Forbes မဂ္ဂဇင်းဟာ ဖုန်းမော်ဒယ်ပေါင်းစုံက Facial Recognition နည်းပညာတွေဟာလုံခြုံမှု အရည်အသွေးကို သိရဖို့အတွက် စမ်းသပ်မှုတခုပြုလုပ်ခဲ့ပါတယ်။
စမ်းသပ်သူရဲ့ ခေါင်းပုံစံအတိုင်း 3D ပရင့်ထုတ်ထားတဲ့ ခေါင်းအတု တခုကို အသုံးပြုပြီး စမ်းသပ်ခဲ့တာပါ။ “အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့က Backface 3D ဒီဇိုင်း စတူဒီယိုမှာ ဒီခေါင်းကို ပရင့်ထုတ်ခဲ့တာပါ။ အမိုးခုံး စတူဒီယိုထဲမှာ ကင်မရာ အလုံး ၅၀ နဲ့ 3D ရုပ်လုံးကြွ ပုံတခုရအောင် ပေါင်းစပ်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်”လို့ စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့ Forbes သတင်းထောက် Thomas Brewster က ဆိုပါတယ်။
အဲဒီနောက် ပေါင် ၃၀၀ အကုန်အကျခံကာ 3D ပရင်တာနဲ့ ခေါင်းပုံစံ ထုတ်ပြီး ဖုန်းတွေမှာစမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။ “Android သုံးတဲ့လူ ဆိုရင်တော့ ဆက်မဖတ်တာ ကောင်းပါမယ်။ Google ရဲ့ Android OS စနစ်သုံးထားတဲ့ ရေပန်းအစားဆုံး ဖုန်းမော်ဒယ် ၄ ခုနဲ့ Apple iPhone တို့ကို 3D ပရင့်ထုတ်ထားတဲ့ခေါင်းနဲ့ လွယ်လွယ်ဖွင့်လို့ ရမလား စမ်းကြည့်ခဲ့ပါတယ်။ Android ဖုန်းအားလုံး ပွင့်သွားခဲ့ပေမယ့်၊ iPhone ကတော့ မပွင့်ခဲ့ပါဘူး” လို့ Thomas Brewster က ရေးသားထားပါတယ်။
Forbes က စမ်းသပ်ခဲ့တဲ့ ဖုန်းတွေကတော့ “LG G7 ThinQ”, “Samsung S9” , “Samsung Note 8” , “OnePlus 6” နဲ့ “iPhone X” တို့ ဖြစ်ပါတယ်။ သေချာ သတိထားကြည့်မယ်ဆိုရင် စမ်းသပ်ခဲ့တဲ့ Android ဖုန်းမော်ဒယ်တွေဟာ သာမန် 2D Facial Recognition နည်းပညာပဲ ပါဝင်တဲ့ ဖုန်းတွေဖြစ်နေတာ တွေ့ရမှာပါ။
iPhone X က Face ID နည်းတူ အနီအောက်ရောင်ခြည်နဲ့ အလင်းစက် ထိုးပြီး 3D မျက်နှာ ပုံဖော်နိုင်တဲ့ Android ဖုန်းတွေ ရှိပေမယ့် စမ်းသပ်မှုထဲ မပါဝင်ခဲ့တာကြောင့် ရလဒ်က မျှတမှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။
Ref: Mac Rumors, Tech Crunch