ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ လောကနိယာမအတိုင်း နည်းပညာ ထုတ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေဟာလည်း တချိန်မှာ သေဆုံး၊ ပျောက်ကွယ်ကြပါတယ်။ ကံမကောင်း အကြောင်းမလှလို့ပဲ ဖြစ်ဖြစ်၊ သာလွန်ကောင်းမွန်တဲ့ အရာတွေ ပေါ်လာလို့ပဲ ဖြစ်ဖြစ် ပျောက်ကွယ် သွားကြတဲ့ နည်းပညာတွေလည်း မနည်းပါဘူး။
ဒီထဲကမှ ၂၀၁၈ ခုနှစ်အတွင်း သေဆုံး၊ ပျောက်ကွယ်တော့မယ့် နာမည်အကြီးဆုံး နည်းပညာ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
(၁) Miitomo
နာမည်ကျော် ဂိမ်းကုမ္ပဏီ Nintendo က မိုဘိုင်း App တခု ထုတ်တော့မယ်လို့ စတင်ကြေညာခဲ့စဉ်က Nintendo ပရိတ်သတ်တွေ အားလုံး ရင်ခုန်ခဲ့ကြရပါတယ်။ ဒါပေမဲ့ Nintendo က ပထမဆုံး ထုတ်ခဲ့တဲ့ Mobile App ဟာ ဂိမ်းအစစ် တခုတော့ မဟုတ်ပါဘူး။ Mitomo ဆိုတဲ့ လူမှုကွန်ရက်တခု ဖြစ်ပါတယ်။
၂၀၁၆ မှာ စတင် ထုတ်ပေးခဲ့တာပါ။ iOS နဲ့ Android ကနေ ရယူနိုင်ပြီး၊ မိတ်ဆွေ သူငယ်ချင်း အချင်းချင်း မေးခွန်းတွေနဲ့ စကားစမြည် ပြောဆိုဆက်သွယ်နိုင်တဲ့ App ဖြစ်ပါတယ်။ Twitter ၊ Facebook အကောင့်တွေနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။
Miitomo App ကို ထုတ်ပြီးနောက် တလအတွင်းမှာပဲ ဒေါင်းလုဒ်အကြိမ်ပေါင်း ၁၀ သန်းကျော် အထိ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ် မေလမှာတော့ Nintendo ဟာ Miitomo ဆာဗာတွေကို အပြီးတိုင် ပိတ်ပစ်ခဲ့ပြီး၊ App ကို ရပ်ဆိုင်းပစ်ခဲ့ပါတယ်။
(၂) Google Inbox
Google ရဲ့ Email App တခု ဖြစ်တဲ့ Inbox ကို အပြီးတိုင် ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။ လက်ရှိ အသုံးပြုနေသူတွေအနေနဲ့ Gmail ကိုပဲ ပြောင်းလဲ အသုံးပြုဖို့ ၂၀၁၉ ခုနှစ်၊ မတ်လအထိ အချိန်ပေးထားပါတယ်။
Google Inbox ဟာ Gmails တွေကို အစီအစဉ်တကျ၊ စီမံခန့်ခွဲ အသုံးပြုချင်သူတွေအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှု တခုပါ။ သုံးစွဲသူတိုင်းရဲ့ နှစ်သက်မှုလည်း ခံခဲ့ရတဲ့ App တခု ဖြစ်ပါတယ်။
အမျိုးအစားတူတဲ့ Email တွေကို Bundles အလိုက် ခွဲပေးနိုင်မှု၊ Snooze လုပ်နိုင်တဲ့ လုပ်ဆောင်ချက်၊ Reply ပြန်ဖို့ စာသားကို အလိုလို ခန့်မှန်းပေးတဲ့ Smart Reply စတဲ့ လုပ်ဆောင်ချက်တွေဟာ Inbox ကို လူကြိုက်များစေခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလက ဒီဇိုင်းအသစ်နဲ့ ထွက်ရှိခဲ့တဲ့ Gmail မှာ Inbox ရဲ့ လုပ်ဆောင်ချက်တွေ အကုန် ပါဝင်လာပြီး၊ Google ကိုယ်တိုင်က Inbox ကို ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Inbox ဟာ Google ရဲ့ လုပ်ဆောင်ချက်အသစ်တွေ အစမ်းသပ်ခံနေရာတခုလို့ ဆိုရင်လည်း မမှားပါဘူး။
(၃) Google URL Shortener
လူကြိုက်အများဆုံး Google ဝန်ဆောင်မှုတခုဖြစ်တဲ့ Goo.gl ကို ပိတ်သိမ်းတော့မှာပါ။ Google URL Shortener အစား Firebase Dynamic Links တွေကို အစားထိုး သွားမယ့် အကြောင်းကိုလည်း မတ်လမှာ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ Firebase Dynamic Links ဆိုတာကတော့ Mobile နဲ့ Web App က သတ်မှတ် နေရာတခုဆီကို အတိအကျ ခေါ်သွားပေးနိုင်မယ့် Deep Link တွေ ဖြစ်ပါတယ်။
(၄) Google+
ကြီးမားတဲ့ ဒေတာပေါက်ကြားမှု ၂ ကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့တဲ့ Google+ ကို မူလသတ်မှတ်ရက်ထက် ၃ လ စောပြီး ပိတ်သွားမှာဖြစ်ကြောင်း ယခု ဒီဇင်ဘာလမှာ ကြေညာလိုက်ပါတယ်။
(၅) Kuvee စမတ် ဝိုင်ပုလင်း
၁၉၉ ဒေါ်လာ ပေးရတဲ့ Kuvee စမတ် ဝိုင်ပုလင်းဟာ ဝိုင်အရက်ကို ရက် ၃၀ အထိ လတ်လတ်ဆတ်ဆတ် အနံ့၊ အရသာမပျက် ထားပေးနိုင်မယ့် ပုလင်း ဖြစ်ပါတယ်။ ၁၉၉ ဒေါ်လာထဲမှာ ဝိုင်ပုလင်း ၄ လုံးနဲ့ Kuvee စမတ် ပုလင်း ၁ လုံး ပါဝင်ပါတယ်။
သောက်မယ့် ဝိုင်ပုလင်းကို Kuvee ပုလင်းဖင်ကနေ ထည့်ပြီး ဖန်ခွက်ထဲ လောင်းထည့် သောက်သုံးနိုင်ပါတယ်။ သောက်ပြီးရင် ပုလင်းကို ပြန်ဆွဲထုတ်ပြီး ရက် ၃၀ အထိ အောက်စီဂျင် လုံးဝ မဝင်ဘဲ သိမ်းထားနိုင်မှာပါ။ ဒါပေမဲ့ တကယ့် စမတ်လုပ်ဆောင်ချက်တွေကတော့ Kuvee ပုလင်း အခွံမှာ ပါဝင်တာ ဖြစ်ပါတယ်။
သေးငယ်တဲ့ Touch screen ကနေ ဝိုင် ဘယ် ၂ ခွက်စာ ကျန်သေးလဲဆိုတာ ကြည့်နိုင်သလို၊ ဝိုင်ကို ဘယ်မှာ ဘယ်လိုချက်ခဲ့တယ် ဆိုတာကအစ ကြည့်နိုင်ပါတယ်။ ဝိုင်နဲ့ လိုက်တဲ့ အစားအစာတွေကိုပါ ပြပေးနိုင်တဲ့ Kuvee စမတ် ဝိုင်ပုလင်းဟာ ဘတ်ဂျက် ပြတ်တောက်မှုကြောင့် ဒီနှစ် အစောပိုင်းမှာ ရပ်နားလိုက်ရပြီ ဖြစ်ပါတယ်။
(၆) Uber Otto မောင်းသူမဲ့ ကုန်တင်ကား
၂၀၁၈ ခုနှစ်၊ မတ်လတုန်းက လူတဦး သေဆုံးခဲ့တဲ့ Uber မောင်းသူမဲ့ ကားတိုက်မှုကြောင့် ကုမ္ပဏီဟာ စီးပွားဖြစ် မောင်းသူမဲ့ ထရပ်ကား နည်းပညာ အကောင်အထည်ဖော်နေမှုကို ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ ရပ်ဆိုင်းချိန်မှာ Uber ရဲ့ နည်းပညာဟာ အမြန်လမ်းပေါ်မှာ မိုင် ၁၂၀ အထိ အလိုအလျောက် မောင်းနှင်သွားပြီး၊ Budweiser ဘီယာတွေ သွားပို့နိုင်တဲ့ အဆင့်အထိ ရောက်နေပါပြီ။
(၇) GameFly Cloud Gaming
Netflix ကနေ ရုပ်ရှင်ကားတွေကို တိုက်ရိုက် Stream လုပ် ကြည့်သလိုမျိုး၊ ဗီဒီယိုဂိမ်းတွေကို သီးသန့် Hardware (ဂိမ်းစက်) မလိုဘဲ Stream လုပ် ဂိမ်းဆော့နိုင်မယ့် Cloud Gaming နည်းပညာဟာ ဂိမ်းလောကရဲ့ အနာဂတ် ဖြစ်ပါတယ်။ GameFly ဟာ ၂၀၁၅ ခုနှစ်ထဲက Cloud Gaming ကို အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး၊ Samsung နဲ့ LG စမတ်တီဗီ အပြင်၊ Amazon Fire TV တွေကနေပါ Gaming Streaming ဆော့နိုင်အောင် လုပ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ GameFly ရဲ့ Cloud Gaming နည်းပညာကို Electronics Arts (EA) က ဝယ်ပြီးနောက်မှာတော့ GameFly လည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ EA ရဲ့ အဆိုအရတော့ Cloud Gaming နယ်ပယ်ကနေ ထွက်ဖို့ GameFly ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး၊ EA ရဲ့ ပယောဂ လုံးဝ မပါဘူးလို့ သိရပါတယ်။
(၈) Microsoft Surface Plus အစီအစဉ်
Audi ရဲ့ လစဉ်ကြေးသွင်းပြီး ကားလဲစီးနိုင်မယ့် အစီအစဉ်လိုပဲ Subscription စနစ်တခုကို ပြီးခဲ့တဲ့နှစ်တုန်းက Microsoft ကနေ မိတ်ဆက်ခဲ့ပါတယ်။ Surface Laptop ၊ Surface Pro ၊ Surface Studio စတဲ့ ကြိုက်နှစ်သက်ရာ Surface ပစ္စည်းတခုကို ၂ နှစ်အတွင်း အတိုးနှုန်း လုံးဝ မရှိဘဲ ဝယ်ယူနိုင်တဲ့ Surface Plus အစီအစဉ်ပါ။
၁၈ လ ပြည့်သွားရင်လည်း လက်ရှိ Surface ပစ္စည်းကို ကြိုက်နှစ်သက်ရာ မော်ဒယ်အသစ်နဲ့ အလိုက်ပေး ထပ်လဲနိုင်မယ့် အစီအစဉ်ပါ။ ကျောင်းသားတွေ၊ ကုမ္ပဏီတွေအတွက် တော်တော်အဆင်ပြေတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာဘဲ ၁၈ လ တောင် မခံလိုက်ဘဲ၊ ယခုနှစ် သြဂုတ်မှာ ရပ်ဆိုင်းခဲ့ရပါတယ်။
(၉) iPhone SE
နိုင်ငံတကာဈေးကွက်မှာ လူကြိုက်များခဲ့တဲ့ iPhone SE မော်ဒယ်ကို iPhone Xs ၊ Xs Max နဲ့ Xr တို့ မိတ်ဆက်ပြီးနောက်မှာ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
(၁၀) Google Goggles
Google Goggles ကတော့ သေဆုံးသွားတာထက်စာရင် အဆင့်မြင့် ပြောင်းလဲသွားတဲ့ Product တခုလို့ ဆိုနိုင်ပါတယ်။ ယခု ခေတ်စားနေတဲ့ Google Lens ရဲ့ အစောပိုင်းဗားရှင်းဖြစ်တဲ့ Google Goggles ဟာ ၂၀၀၉ လောက်ထဲက ထွက်ခဲ့တဲ့ Mobile Search နည်းပညာတခု ဖြစ်ပါတယ်။
ထင်ရှားတဲ့ အဆောက်အဦ၊ အရာဝတ္ထု၊ Barcode စာသား စတာတွေကို ဖုန်းကင်မရာနဲ့ ဓာတ်ပုံ ထောက်ရိုက်လိုက်တာနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ရှာဖွေ ပြပေးနိုင်တဲ့ အသုံးဝင် App တခု ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ Google ဟာ Word Lens app ရေးဆွဲတဲ့ Quest Visual ကို ဝယ်ယူခဲ့ပြီး၊ ဇွန်လမှာတော့ Google Lens app ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ယခုအခါမှာတော့ Android ဖုန်းတော်တော်များများရဲ့ Built-in camera app ထဲမှာ Google Lens လုပ်ဆောင်ချက် ပါဝင်လာပါပြီ။
၂၀၁၈ ခုနှစ်ဟာ နည်းပညာ အသစ်၊ အသစ်တွေ အမြောက်အများ ထွက်ပေါ်လာတဲ့ နှစ်ဖြစ်သလို၊ နည်းပညာ Products နဲ့ Services မြောက်များစွာရဲ့ နေဝင်ချိန်လည်း ဖြစ်ပါတယ်။သုံးစွဲသူ အတန်အသင့် ရှိခဲ့တဲ့ YouTube Gaming ၊ Google Allo ၊ Yahoo Messenger တို့လည်း ၂၀၁၈ ခုနှစ်မှာ ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။
Ref: PC Mag, Gadgets NDTV,