ခွေးတွေဟာ လူတွေထက် အသံကြိမ်နှုန်း မြင့်မြင့် ပိုကြားနိုင်တဲ့အတွက် တချို့သော ဆူညံသံတွေကို ကြောက်ရွံ့ ထိတ်လန့် တတ်ကြပါတယ်။ အထူးသဖြင့် မီးရှုးမီးပန်းဖောက်တဲ့အသံ တွေဆို ပိုလို့ ခံနိုင်ရည် မရှိကြပါဘူး။ ဒါပေမဲ့ Ford က ထုတ်လုပ်လိုက်တဲ့ ခွေးအိမ်ကတော့ လူတွေနဲ့ အတူနေထိုင်ရတဲ့ အိမ်မွေးခွေးတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်မှာပါ။
Ford က ထုတ်တဲ့ Edge SUV နဲ့ တချို့ နားကြပ်တွေမှာ အသုံးပြုထားတဲ့ (Noise-cancellation technology) ( ဆူညံသံဖျောက် နည်းပညာ) ကို ယခု ခွေးအိမ်မှာ အသုံးပြုထားပြီး၊ မီးရှုးမီးပန်းဖောက်သလို ဆူညံသံတွေကို လျော့ချပေးနိုင်မယ့် ခွေးအိမ် တမျိုးပါ။
ခွေးအိမ်အတွင်းမှာ ပါရှိတဲ့ မိုက်ခရိုဖုန်းတွေဟာ မီးရှူးမီးပန်းဖောက်တဲ့ အသံတွေကို ဖမ်းယူနိုင်စွမ်း ရှိကာ၊ ဆူညံသံကို လျော့ချ၊ ဖျောက်ပစ်နိုင်မယ့် အသံကြိမ်နှုန်းတွေကို အသင့်ပါဝင်တဲ့ အသံစနစ်ကနေ ပြန်ထုတ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ပြင်ပ ဆူညံသံတွေ မဝင်ဖို့အတွက် သိပ်သည်းဆ မြင့်မားတဲ့ ဖော့တုံးတွေကိုလည်း ခွေးအိမ်မှာ ထည့်သွင်း ဆောက်လုပ်ပေးထားတယ်လို့ Ford က ဆိုပါတယ်။ ဒီခွေးအိမ်ထဲမှာနေရင် ဗျောက်အိုး၊ မီးရှုးမီးပန်းဖောက်တဲ့ အသံတွေကို ကြားရတော့မှာ မဟုတ်ပါဘူး။
Ford ရဲ့ ခွေးအိမ်မှာ ခွေးတွေ အလွယ်တကူ အဝင်အထွက် လုပ်ဖို့အတွက် အလိုအလျောက် တံခါးတချပ်လည်း ပါရှိပါတယ်။ ဒါ့အပြင် လေကောင်းကောင်းရဖို့အတွက် အသံလုံတဲ့ လေပေးစနစ်ကိုလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။
Ford ရဲ့ အဆင့်မြင့် ခွေးအိမ်ဟာ လောလောဆယ် ရှေ့ပြေးမော်ဒယ် အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီခွေးအိမ်ဟာ Ford ရဲ့ ကျွမ်းကျင်နည်းပညာတွေကို နေ့စဉ်လူနေမှုဘဝမှုာ အသုံးချဖို့ ထုတ်လုပ်မယ့် အစီအစဉ်တွေထဲက ပထမဆုံး တခု ဖြစ်တယ်လို့ ဆိုပါတယ်။
Ford ဟာ အရင်ကလည်း ကားစီးရင် အိပ်ပျော်တတ်တဲ့ ကလေးတွေအတွက် ကားစီးနေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်မယ့် ကလေးအိပ်ကုတင် တမျိုးကို ထုတ်လုပ်ခဲ့ဖူးပါတယ်။
Ref: Engadget, Tech Crunch