မကြာမီကမှ မိတ်ဆက်ခဲ့တဲ့ Snapdragon 855 Chipset အသစ် အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်းကတော့ ထွက်ရှိလာပါပြီ။ Lenovo ရဲ့ Z5 Pro GT စမတ်ဖုန်းဖြစ်ပြီး၊ အင်္ဂါနေ့မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
Lenovo Z5 Pro GT ရဲ့ နောက်ထပ်ထူးခြားချက်တခုကတော့ 12GB RAM အသုံးပြုထားပါ။ 12GB RAM ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
Snapdragon 855 SoC ဟာ ယခု ဒီဇင်ဘာလအတွင်းကမှ မိတ်ဆက်ခဲ့တဲ့ Qualcomm ရဲ့ Mobile Chipset အသစ် ဖြစ်ပါတယ်။ X50 modem အသစ်နဲ့အတူ 5G ကွန်ရက် အသုံးပြုနိုင်မယ့် Chipset ပါ။
Lenovo Z5 Pro GT မှာ Android Pie စနစ်ကို Lenovo ရဲ့ ZUI 10 နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဆလိုက်ဒါ ဒီဇိုင်းနဲ့ ဖြစ်ပြီး၊ ဖုန်းရဲ့ ရှေ့ဘက်မှာ Notch ဆိုလို့ လုံးဝ တွေ့ရမှာ မဟုတ်ပါဘူး။ ဆလိုက်ဒါမှာပဲ ရှေ့ကင်မရာ အပြင်၊ အနီအောက်ရောင်ခြည်သုံး Face Unlock စနစ်အတွက် ဆန်ဆာတွေပါ ထည့်ပေးထားပါတယ်။
Lenovo Z5 Pro GT အနိမ့်ဆုံးမော်ဒယ် 6GB RAM + 12GB Storage ကို ၃၉၀ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ကာ၊ အမြင့်ဆုံး 12GB RAM + 512GB Storage ကို လိုချင်ရင်တော့ ဒေါ်လာ ၆၄၀ ကျသင့်မှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ကြိုတင်အော်ဒါမှာယူနိုင်မှာပါ။ ဇန်နဝါရီ ၂၄ ရက်နေ့မှ တရားဝင် ရောင်းချသွားမယ်လို့ Lenovo က ပြောကြားခဲ့ပါတယ်။
Lenovo Z5 Pro GT ရဲ့ တခြားအချက်အလက်တွေကတော့ ၆.၄ လက်မ Super AMOLED Display ၊ စခရင်အောက် လက်ဗွေရာဆန်ဆာ၊ 16MP+ 8MP ရှေ့ကင်မရာ ၂ လုံး နဲ့ 16MP + 24MP ကျောကင်မရာ ၂ လုံးတို့ ဖြစ်ပါတယ်။
Snapdragon 855 Chipset ကို OnePlus ရဲ့ နောက်ထပ် ဖုန်းမော်ဒယ်အသစ်မှာလည်း အသုံးပြုသွားဖို့ အတည်ပြုပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ဖုန်းမော်ဒယ်နဲ့ ထွက်မယ့်ရက်တို့ကို အတိအကျ မသိရသေးတာကြောင့် Lenovo Z5 Pro GT ကိုပဲ Snapdragon 855 ပါတဲ့ ပထမဆုံး စမတ်ဖုန်းလို့ သတ်မှတ်ရမှာပါ။
Ref: Engadget, GSM Arena