Facebook မှာ မကြာခဏ ကြားရတဲ့ စကားကတော့ “မင်းသမီးတယောက် အကောင့်ဟက်ခံရလို့ သတင်းတွေ ပေါက်ကြားကုန်တယ်၊ မင်းသားတယောက်ရဲ့ အကောင့်ထဲ ဝင်ကြည့်တာ အဲဒီမင်းသားက ဂေး (Gay) ဖြစ်နေတယ်” စတာတွေပါပဲ။
နိုင်ငံကျော် မဟုတ်တဲ့ သာမန် မိန်းကလေးတွေမှာ အကောင့် ဟက်ခံရလို့ ပိုက်ဆံတွေ လျော်ပေးလိုက်ရတယ် စတာတွေဟာ တကယ်တော့ မဖြစ်သင့်တဲ့ အရာတွေပါ။ ဒါကြောင့် သင့်ရဲ့ ဆိုရှယ်မီဒီယာအကောင့် အဟက်ခံရခြင်းမှ ကင်းဝေးအောင် လိုက်နာရမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) ထူးခြားတဲ့ Password ကို ထားပါ
လူတော်တော်များများဟာ မေ့တတ်တယ်ဆိုတဲ့ စိတ်နဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ Password တခုတည်းကိုပဲ ထားတတ်ကြပါတယ်။ သင့်ရဲ မွေးနေ့၊ လူတော်တော်များများသိကြတဲ့ သင့်အကြောင်းတွေကို Password ထားတာဟာ အကောင့်ကို ဟက်ခံရဖို့ လမ်းကြောင်းပေးနေသလိုပါပဲ။ တကယ်လို့ သင်က မေ့တတ်တဲ့ သူဆိုရင်တော့ ဘယ်သူမှ မသိပေမယ့် သင့်အတွက် ထင်သာမြင်သာ ရှိတဲ့ စကားလုံးကို ထားဖို့ တိုက်တွန်းချင်ပါတယ်။
(၂) နောက်ကျောကို သတိပြုပါ
ဒါက တော်တော် အရေးကြီးတဲ့ အချက်ပါ။ သင် ATM မှာ ငွေထုတ်တာပဲ ဖြစ်ဖြစ်၊ အရေးကြီးတဲ့ စာရွက် စာတမ်းတွေကို ထုတ်တာပဲ ဖြစ်ဖြစ် သင့်နောက်ကျောက လူကို သတိထားဖို့ လိုပါတယ်။ သူငယ်ချင်း၊ မောင်နှမ ဖြစ်စေဦးတော့။ ဘယ်သူ့ကိုမှ မယုံပါနဲ့။ သင်သတိလက်လွတ်နေလိုက်မိတာနဲ့ သင်ပိုင်ဆိုင်မှုတွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရနိုင်ပါတယ်။
(၃) Webcam ကို မပိတ်ထားပါနဲ့
လူတော်တော်များများက တခုခုကို ပြုလုပ်တော့မယ်ဆိုရင် ကွန်ပျူတာပါတဲ့ Webcam ကို ပိတ်ထားလေ့ ရှိပါတယ်။ တကယ်တော့ အဲ့ဒါက မလိုအပ်ဘူးလို့ သိရပါတယ်။ အင်တာနက်မှ တဆင့် ပြစ်မှုကျူးလွန်သူတွေဟာ Webcam ကို မသုံးကြပါဘူး။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို Webcam က တဆင့် ဘယ်သူမှ မခိုးတာကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Webcam ကို သုံးပြီး သတင်းခိုးတာက ပိုက်ဆံ အများကြီး ကုန်ကျတာကြောင့် ဟက်ကာတွေက ရှောင်ကြပါတယ်။
(၄) 3,2,1 စနစ်ကို သုံးပါ
3,2,1 စနစ်ဆိုတာ တကယ်တော့ ရိုးရှင်းပါတယ်။ အင်တာနက်ကနေ သင်ရရှိထားတဲ့ အချက်အလက်တွေကို မပျက်စီးစေဖို့ ၃ ခု မိတ္တူပွားထားပါ။ ပျောက်မှာ စိုးရိပ်တဲ့ အချက်အလက်တွေကို Hard Disk နဲ့ Cloud Service( I Cloud,P Cloud စတာ) တွေမှာ သိမ်းထားပါ။ ဒါဆိုရင် 3 နဲ့ 2 ကို သိလောက်ပါပြီ။ နောက်ဆုံး တခုကတော့ မိတ္တူတခုကို တခြားမိတ္တူတွေနဲ့ မတူညီတဲ့ နေရာမှာ ထားဖို့ပါ။ ဒါဆိုရင် အင်တာနက်ပေါ်က သင့်ရဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံ သိမ်းဆည်းနိုင်ပါပြီ။
Ref;brightside