iPad Pro မော်ဒယ်အသစ်ကို လွန်ခဲ့တဲ့လက စတင်ရောင်းချခဲ့ရာမှာ ဘူးဖောက် ကတည်းက ကွေးနေတဲ့ အလုံးတွေနဲ့ သုံးနေရင်း ကွေးသွားတဲ့ အလုံးတွေ ရှိကြောင်း ဝယ်ယူသူအချို့က လူမှုကွန်ရက်ကနေတဆင့် အပြစ်တင်ခဲ့ကြပါတယ်။
ယနေ့မှာတော့ Apple ကိုယ်တိုင်က တင်ပို့ ရောင်းချစဉ်ကတည်းက အလူမီနီယမ်ကိုယ်ထည် အနည်းငယ် ကွေးညွတ်နေတဲ့ iPad Pro မော်ဒယ်တွေ ရှိကြောင်း The Verge ကို အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒါဟာ အပြစ်အနာအဆာ မဟုတ်ဘူးလို့ Apple က ဆိုပါတယ်။
ဘူးထဲမှာကတည်းက iPad Pro အချို့ ကွေးနေတာဟာ ထုတ်လုပ်မှုလုပ်ငန်းစဉ်ရဲ့ ဘေးထွက် ဆိုးကျိုးတခု ဖြစ်ပြီး၊ အချိန်ကြာလာတာနဲ့အမျှ ပိုကွေးလာတာမျိုး၊ iPad ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်တာမျိုး လုံးဝ မဖြစ်နိုင်ကြောင်း Apple က ငြင်းချက် ထုတ်ထားပါတယ်။
ထုတ်လုပ်စဉ်အတွင်း iPad Pro ရဲ့ သတ္တုနဲ့ ပလတ်စတစ် အစိတ်အပိုင်းတွေကို အအေးခံတဲ့ အဆင့်ကြောင့် အခုလို ကွေးနေရတာ ဖြစ်တယ်လို့ Apple က ရှင်းပြထားပါတယ်။
iPad Pro ၁၁ လက်မ မော်ဒယ် နဲ့ ၁၂.၉ လက်မ မော်ဒယ် နှစ်မျိုးလုံးမှာ ကြုံတွေ့ရနိုင်ပါတယ်။ သတ္တု အစိတ်အပိုင်း နှစ်ခုကို ပလတ်စတစ်ပြားနဲ့ အင်တာနာလိုင်း ခြားထားတဲ့ iPad Pro LTE မော်ဒယ်မှာ ပိုအဖြစ်များနိုင်တယ်လို့ ဆိုပါတယ်။
iPad Pro ဝယ်ယူထားသူ အချို့ဟာ အားနဲ့ ဖိမိတာမျိုး၊ ထိခိုက်မှု တစုံတရာ မရှိဘဲနဲ့ သတ္တုကိုယ်ထည် ကွေးသွားခဲ့ကြောင်း လူမှုကွန်ရက်မှာ ဝေဖန်ခဲ့ကြအပြီးမှာ Apple ဘက်က အခုလို ဖြေရှင်းချက် ထုတ်ပြန်ပေးလိုက်တာပါ။ နေ့စဉ် ပုံမှန် သုံးနေရင်း၊ ကျောပိုးအိတ်ထဲ ထည့်သယ်သွားရင်းနဲ့ကို တဖြည်းဖြည်း ကွေးလာတယ်လို့ ဆိုကြပါတယ်။ ဘူးကနေ ထုတ်ကတည်း ကွေးနေတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
iPad Pro တွေ အခုလို ကွေးနေတာဟာ အပြစ်အနာအဆာ မဟုတ်ဘူးလို့ Apple က ပြောခဲ့တဲ့အပေါ် ဈေးကြီးပေး ဝယ်ယူခဲ့ကြသူတွေကတော့ မကျေမချမ်း ဖြစ်နေကြပါတယ်။ Apple ဟာ 2018 iPad Pro အနိမ့်ဆုံးမော်ဒယ်ကို ဒေါ်လာ ၈၀၀ နဲ့ ရောင်းချလျက်ရှိပြီး၊ 12.9-inch LTE 1TB မော်ဒယ်ကို ၁,၈၉၉ ဒေါ်လာဈေးနဲ့ ရောင်းချလျက် ရှိပါတယ်။
Ref: The Verge, 9to5Mac