IT

ဗန်နူအာတူ ကျွန်းစုတွင် ဒရုန်းဖြင့် ကာကွယ်ဆေးများ စမ်းသပ် ပို့ဆောင်

တောင်ပစိဖိတ် သမုဒ္ဒရာအတွင်း တည်ရှိတဲ့ ဗာနူအာတူ ကျွန်းစုနိုင်ငံမှာ ဒရုန်းနဲ့ ကာကွယ်ဆေး ပို့ဆောင်မှုကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ကြပါတယ်။

ဗာနူအာတူ ကျွန်းစုထဲက အဲရိုမန်းဂိုး ကျွန်းရဲ့ ဝေးလံခေါင်သီတဲ့ အရပ်ထံ ဒရုန်းနဲ့ ကာကွယ်ဆေး ပို့ဆောင်ခဲ့တာ ဖြစ်ပြီး၊ တလသားအရွယ် ကလေးငယ်တဦးဟာ ဒရုန်းကနေ ကာကွယ်ဆေး ရရှိတဲ့ ပထမဆုံး ကလေးငယ် ဖြစ်လာခဲ့ပါတယ်။

ဒရုန်းကနေ ကာကွယ်ဆေး ရရှိတဲ့ ပထမဆုံး ကလေးငယ်

ယခု ကာကွယ်ဆေးပို့ဆောင်မှု အစီအစဉ်ကို ဗာနူအာတူ အစိုးရနဲ့ UNICEF တို့ ပူးပေါင်း စီစဉ်ခဲ့တာ ဖြစ်ပြီး၊ သြစတြေးလျနိုင်ငံ အခြေစိုက် Swoop Aero ကုမ္ပဏီက တာဝန်ယူ ပို့ဆောင်ပေးခဲ့တာပါ။

Swoop Aero ရဲ့ ဒရုန်းတစီးဟာ အဲရိုမန်းဂိုး ကျွန်း အနောက်ခြမ်း Dillon’s Bay ကနေ ကျွန်း အရှေ့ဘက် Cook’s Bay ကို ကီလိုမီတာ ၄၀ အကွာအဝေး ပျံသန်းပြီး၊ ကာကွယ်ဆေး ပို့ဆောင်နိုင်ခဲ့တာပါ။ Cook’s Bay ကို ခြေလျင် ဒါမှမဟုတ် မော်တော်ဘုတ်နဲ့သာ သွားရောက်နိုင်ပြီး နာရီပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။ ဒါပေမဲ့ ဒရုန်းကတော့ ၂၅ မိနစ်အတွင်း ကာကွယ်ဆေး ပို့ဆောင်နိုင်ခဲ့ပါတယ်။

ဗာနူအာတူ ကျွန်းနိုင်ငံက ကလေးငယ် ၂၀ ရာခိုင်နှုန်းခန့်ဟာ ပို့ဆောင်ရေး အခက်အခဲကြောင့် အရေးကြီးတဲ့ ကာကွယ်ဆေးတွေ မရရှိကြပါဘူး။ “ယနေ့ ဒရုန်းနဲ့ ပို့ဆောင်နိုင်မှုဟာ လူသားအားလုံး ကျန်းမာရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတရပ်ပါပဲ” လို့ UNICEF ရဲ့ အမှုဆောင်ဒါရိုက်တာ Henrietta Fore က ပြောကြားခဲ့ပါတယ်။

“သွားလာရေး ခက်ခဲတဲ့ ဒေသတွေက ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ရုန်းကန်နေရချိန်မှာ၊ ကလေးငယ်တိုင်းကို ကာကွယ်ဆေး အရောက်ပို့ဖို့အတွက် ဒရုန်းနည်းပညာက ကြီးမားတဲ့ ပြောင်းလဲမှု တရပ် ဖြစ်လာနိုင်ပါတယ်”

ဒရုန်းနဲ့ ဆေးပစ္စည်း ပို့ဆောင်မှုတွေ ရှိပြီး ဖြစ်ပေမယ့်၊ ဝေးလံခေါင်သီတဲ့ ဒေသကို ကာကွယ်ဆေး ပို့ပေးဖို့ အရပ်ဘက် ဒရုန်းကုမ္ပဏီတခုကို နိုင်ငံအစိုးရက ငှားရမ်းတာက ဒါပထမဆုံးအကြိမ် ဖြစ်တယ်လို့ UNICEF က ဆိုပါတယ်။

ဗာနူအာတူမှာ ဒရုန်းနဲ့ ကာကွယ်ဆေးပို့မယ့် ပရောဂျက်ကို ရရှိဖို့ ကုမ္ပဏီနှစ်ခု ယှဉ်ပြိုင်ခဲ့ရာမှာ Swoop Aero ဟာ ယခုလအစောပိုင်းအတွင်း အောင်မြင်တဲ့ စမ်းသပ်မှုတွေကြောင့် ပရောဂျက်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကို ရေခဲထုပ်တွေနဲ့ အပူချိန်အာရုံခံကိရိယာတို့ ပါဝင်တဲ့ Styrofoam ဘူးထဲ ထည့်ကာ ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းက ရတဲ့ ကာကွယ်ဆေးတွေကို ဒေသခံသူနာပြုတဦးက ကိုယ်ဝန်ဆောင်မိခင် ၅ ဦးနဲ့ ကလေးငယ် ၁၃ ဦးတို့ကို ထိုးပေးနိုင်ခဲ့ပါတယ်။ တလသမီးလေး Joy Nowai ဟာ ဒရုန်းနဲ့ ကာကွယ်ဆေး ရရှိတဲ့ ပထမဆုံး ကလေးငယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref: BBC, ABC

Loading