IT

Nike ကထုတ်တဲ့ အလိုအလျောက် ကြိုးချည်ဖိနပ်ကို ၂၀၁၉ မှာ ဝယ်ယူနိုင်တော့မည်

“Back to the Future” ရုပ်ရှင်ကားထဲမှာ ဇာတ်ကောင် Marty McFly စီးခဲ့တဲ့ Nike အလိုအလျောက် ကြိုးချည်ဖိနပ်ကို လာမယ့်နှစ်အတွင်း ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Nike ရဲ့ CEO Mark Parker က ကုမ္ပဏီ ဘဏ္ဍာရေး အစည်းအဝေးမှာ ဘတ်စကတ်ဘော ကစားသမားတွေအတွက် အလိုအလျောက် ကြိုးအလျှော့အတင်း ပြုလုပ်နိုင်တဲ့ စမတ်ရှုးဖိနပ် အသစ်တမျိုး ထုတ်ဖို့ ရှိကြောင်း ကြေညာခဲ့ပါတယ်။ ဒေါ်လာ ၃၅၀ ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

“စီးသူမရွေး လုံးဝ အံဝင်ခွင်ကျဖြစ်ဖို့ ဖန်တီးထားတဲ့ စမတ်ရှူးတရံ ရှိပါတယ်။ ဒီရှူးဖိနပ်ဟာ ကျနော်တို့ရဲ့ ဒီဂျစ်တယ် နည်းပညာသို့ ကူးပြောင်းမှု၊ နည်းပညာနဲ့ ထုတ်ကုန်ပစ္စည်း ချိတ်ဆက်မှုတို့မှာ အဓိက တိုးတက်မှု ခြေလှမ်းတရပ် ဖြစ်ပါတယ်”လို့ Nike ရဲ့ CEO Mark က ပြောကြားခဲ့ပါတယ်။

Nike ဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဝတ်ဆင်သူရဲ့ ခြေထောက်နဲ့ ကိုက်ညီအောင် အလိုအလျောက် အတင်းအလျှော့ ပြုလုပ်နိုင်တဲ့ HyperAdapt လည်တိုဖိနပ်ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်လာ ၇၂၀ ဈေးနဲ့ ရောင်းခဲ့တာကြောင့် လူတိုင်း လက်လှမ်း မမီနိုင်ခဲ့ပါဘူး။

အခုတော့ ဒီနည်းပညာကို ၃၅၀ ဒေါ်လာ တန် ဖိနပ်မှာလည်း ထည့်ပေးတော့မယ်ဆိုတော့ Nike ကြိုက်နှစ်သက်သူတွေ ဝမ်းသာစရာပါ။ အထူးသဖြင့် Back to the Future ရုပ်ရှင် ပရိတ်သတ်တွေ လုံးဝ သဘောတွေ့မှာဖြစ်ပါတယ်။

Nike ရဲ့ ဒု-ဥက္ကဋ္ဌ Andy Campion က HyperAdapt နည်းပညာနဲ့ Nike ဘတ်စကတ်ဘောဖိနပ်ကို ၂၀၁၉ခုနှစ် နွေဦးရာသီမှာ စတင် မိတ်ဆက်မယ်လို့ ထုတ်ပြောခဲ့တာကြောင့် သိပ်စောင့်ရတော့မှာ မဟုတ်ပါဘူး။

Loading