Facebook ဟာ Whats App အသုံးပြုသူအချင်းချင်း ငွေအလွှဲအပြောင်း ပြုလုပ်နိုင်မယ့် ဒီဂျစ်တယ်ငွေကြေး တမျိုးကို ဖန်တီးနေတယ်လို့ Bloomberg က ဖော်ပြထားပါတယ်။ ယခု ပရောဂျက်နဲ့ ရင်းနှီးသူတွေရဲ့ အဆိုအရ Facebook ဟာ အဆိုပါ ဒီဂျစ်တယ်ငွေကြေးစနစ်ကို ပြည်ပလွှဲငွေများတဲ့ အိန္ဒိယနိုင်ငံမှာ စတင်စမ်းသပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
Facebook ဟာ ငွေလဲနှုန်း အတက်အကျနည်းဖို့အတွက် အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ Stablecoin ဒီဂျစ်တယ်ငွေကြေးစနစ် တမျိုးကို ဖန်တီးနေကြောင်း အမည်မဖော်လိုတဲ့ ကုမ္ပဏီအတွင်းလူတွေက Bloomberg ကို ပြောကြားခဲ့ပါတယ်။ Facebook ဘက်က ထုတ်ဖို့ စီစဉ်နေတုန်းအဆင့်မှာပဲ ရှိသေးတဲ့အတွက် အမှန်တကယ် ထွက်ရှိဖို့ လိုဦးမှာပါ။
Facebook ဟာ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုဘက်ကိုပါ ခြေဦးလှည့်ဖို့ စီစဉ်နေတာ ကြာခဲ့ပြီ။ PayPal ဥက္ကဋ္ဌ David Marcus ကိုလည်း Messenger app ကို ကိုင်တွယ်ဖို့ ၂၀၁၄ ခုနှစ်မှာ ငှားရမ်းခဲ့ပါသေးတယ်။
မေလမှာတော့ Marcus ဟာ Facebook ရဲ့ Blockchain နည်းပညာအဖွဲ့ရဲ့ ဦးစီးမှူး ဖြစ်လာခဲ့ပါတယ်။ ဒီအဖွဲ့အတွက် ဝန်ထမ်းသစ် ၄၀ လောက်ကိုလည်း ခေါ်ယူပြီးဖြစ်တာကို LinkedIn က ဝန်ထမ်းရာထူးကနေ တဆင့် သိရှိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြည်ပလွှဲငွေအများဆုံး ရရှိတဲ့ နိုင်ငံတခုဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်မှာတင် ပြည်ပလွှဲငွေ အမေရိကန်ဒေါ်လာ ၆၉ ဘီလျံအထိ ရရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် Facebook အပိုင် WhatsApp ဟာ အိန္ဒိယနိုင်ငံမှာ လူသုံးအများဆုံး Messaging App တခုဖြစ်ပြီး၊ အသုံးပြုသူ သန်း ၂၀၀ ကျော်အထိ ရရှိထားပါတယ်။ Facebook ရဲ့ ဒီဂျစ်တယ်ငွေကြေးစနစ်သာ အကောင်အထည် ပေါ်လာမယ်ဆိုရင်၊ အိန္ဒိယနိုင်ငံက စတင် စမ်းသပ်ဖို့ အကောင်းဆုံး နိုင်ငံတခု ဖြစ်လာမှာပါ။
Ref: Bloomberg, Engadget