၂၀၁၉ ခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းပြပွဲ (CES) ကျင်းပဖို့ ရက်အနည်းငယ်သာလိုပါတော့တယ်။ ဒီပွဲမှာ Samsung ရဲ့ တီဗီမော်ဒယ်အသစ်တွေကိုလည်း မြင်တွေ့ရဖို့ ရှိပါတယ်။
Variety သတင်းဌာနနဲ့ ဖော်ပြချက်အရ Samsung ဟာ ၂၀၁၉ ခုနှစ် ထုတ်မယ့် တီဗီမော်ဒယ်အသစ်တွေမှာ ပြင်ပအသံထိန်းချုပ်အကူအညီစနစ် (Third-party voice assistant) ထည့်သွင်းပေးဖို့ ရှိတယ်လို့ သိရပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ Google နဲ့ လက်တွဲပြီး၊ Google Assistant စနစ် ထည့်ပေးမှာပါ။ Las Vegas မှာ ကျင်းပမယ့် CES 2019 မှာ မိတ်ဆက်ကြေညာသွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် Samsung ဟာ တီဗီတွေရဲ့ အသံအရည်အသွေးပိုင်းကိုလည်း ပိုမိုအလေးထားထုတ်လုပ်သွားဖို့ ရှိပါတယ်။ Appel ရဲ့ HomePod က ပတ်ဝန်းကျင်အနေအထားအလိုက် အသံချိန်ညှိတဲ့စနစ် ပုံစံ နည်းပညာတခုကို တီဗီ မော်ဒယ်အမြင့်တွေမှာ ထည့်ပေးနိုင်ပါတယ်။
Samsung ဟာ ၂၀၁၈ ခုနှစ် တီဗီမော်ဒယ်တွေမှာ ကိုယ်ပိုင် Bixby voice assistant ကို ထည့်ပေးခဲ့တာ လပိုင်းပဲ ကြာပါသေးတယ်။ ဒါပေမဲ့ Samsung TV တွေမှ လက်ရှိပါတဲ့ Bixby ဟာ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ် ရှိနေပါတယ်။
Third-party Apps တွေကို ဖွင့်နိုင်၊ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် Bixby အပြင် Google Assistant ကိုပါ ထည့်ပေးဖို့ Samsung ဘက်က စီစဉ်နေတာ ဖြစ်နိုင်ပါတယ်။
Ref: Engadget