Microsoft Surface ဌာနမှူး Panos Panay က ကုမ္ပဏီအနေနဲ့ ဟာ့ဒ်ဝဲပစ္စည်းတွေ ဆက်တိုက် ထုတ်ဖို့ ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သလိုပဲ၊ Microsoft ရဲ့ ဟာ့ဒ်ဝဲအသစ်တမျိုးကို မကြာခင် တွေ့မြင်ရဖို့ ရှိပါတယ်။
Microsoft ဟာ Windows 10 ကွန်ပျူတာတိုင်းမှာ Windows Hello ဇီဝအချက်အလက် စစ်ဆေး အတည်ပြုစနစ် ( Biometric Authentication) အသုံးပြုနိုင်မယ့် 4K Webcam ကို ၂၀၁၉ ခုနှစ်အတွင်း ထုတ်သွားမှာ ဖြစ်ပါတယ်။
Thurrott ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ အဆိုပါ Webcam ကို Windows 10 ကွန်ပျူတာအပြင် Xbox One ဂိမ်းစက်မှာလည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Xbox One မှာဆိုရင် ယခု Webcam ဟာ ကင်မရာရှေ့မှာ နေလိုက်ရုံနဲ့ အလိုအလျောက် Sign in ဝင်ရောက်ပေးနိုင်မယ့် Kinect လုပ်ဆောင်ချက်ကို ပြန်လည် ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ အကောင့် အများအပြားမှာ သုံးနိုင်မှာ ဖြစ်တဲ့ အတွက် မိသားစုဝင်၊ သူငယ်ချင်းတွေလည်း Webcam နဲ့ ဝင်ရောက်နိုင်မှာပါ။
Microsoft ရဲ့ Webcam အသစ်တွေဟာ USB-C နဲ့ ဖြစ်ဖို့ များပြီး၊ ၂၀၁၉ခုနှစ် မှာ ထုတ်မယ့် Surface Hub 2S မှာ ပါလာဖွယ် ရှိပါတယ်။ အဆိုပါ ကင်မရာကိုပဲ Windows 10 PC နဲ့ Xbox One စက်တွေအတွက် သပ်သပ် ရောင်းချပေးသွားမယ့် ပုံစံပါ။
Microsoft ဟာ လက်ရှိမှာ Windows Hello ကင်မရာစနစ်ကို Surface လက်ပ်တော့တွေမှာပဲ ထည့်ပေးထားပြီး၊ သီးသန့်ကင်မရာအနေနဲ့ ထုတ်လုပ်ရောင်းချခြင်း မရှိသေးပါဘူး။
Windows 10 အသုံးပြုသူတွေအနေနဲ့ Windows Hello သုံးချင်ရင် Creative ၊ Razer ၊ Logitech စတဲ့ တခြား ကုမ္ပဏီတွေကိုပဲ အားကိုးနေရပါတယ်။
Ref: The Verge, Thurrott