Mi Play အမည်ရ စမတ်ဖုန်း အသစ်တမျိုးကို Xiaomi က တရုတ်နိုင်ငံမှာ ယမန်နေ့က မိတ်ဆက်လိုက်ပါတယ်။ Xiaomi ရဲ့ ဖုန်းစီးရီးအသစ် Mi Play ရဲ့ ပထမဆုံးဖုန်း ဖြစ်သလို ရေစက်ပုံစံ Notch ကို ပထမဆုံး အသုံးပြုထားတဲ့ Xiaomi ဖုန်းလည်း ဖြစ်ပါတယ်။
Mi Play စီးရီးဟာ လူငယ်လူရွယ်တွေကို အဓိကထား ရောင်းချမယ့် စီးရီးဖြစ်တာနဲ့အညီ ဖုန်းကျောဘက် ကိုယ်ထည်ကို အခု ခေတ်စားနေတဲ့ အရောင်ပြေး ဖန်သားဒီဇိုင်း အသုံးပြုထားတာ တွေ့ရပါတယ်။ တောက်ပပြောင်လက်မှုကို ကြိုက်နှစ်သက်သူတွေအတွက် Dream Blue နဲ့ Twilight Gold ဆိုပြီး မော်ဒယ်နှစ်မျိုး ထုတ်ပေးထားကာ ပြောင်လက်လက် မကြိုက်သူတွေအတွက် ရိုးရိုး အနက်ရောင် မော်ဒယ်လည်း ထုတ်ပေးထားပါတယ်။
ရေစက်ပုံစံ Notch ကို ၅.၈၄ လက်မ အကျယ်ရှိတဲ့ 19:9 Full HD+ (1080 x 2280 pixels) မျက်နှာပြင်မှာ တွေ့မြင်ရမှာပါ။ Mi Play ဟာ MediaTek ရဲ့ Helip P35 SoC ကို အသုံးပြုထားတဲ့ ပထမဆုံး ဖုန်းဆိုလည်း မမှားပါဘူး။
12nm နည်းစနစ်နဲ့ ထုတ်လုပ်ထားတဲ့ Octa-core Chipset ဖြစ်ပြီး၊ Imagination Technologies ရဲ့ PowerVR GE8320 GPU ပါဝင်ပါတယ်။ ဒီ Chipset ရဲ့ စွမ်းဆောင်ရည်ကို သေချာ မသိရသေးပေမယ့် တန်ဖိုးနည်း ဖုန်းတွေအတွက် ဖြစ်ဖို့ များတာကြောင့် စွမ်းဆောင်ရည်ပိုင်းကတော့ အရမ်းကြီး မျှော်လင့်စရာ မရှိပါဘူး။
Mi Play ဖုန်းရဲ့ တခြား အချက်အလက်တွေကတော့ 4GB RAM ၊ 64GB Storage ၊ 12MP+2MP ကျောကင်မရာနှစ်လုံး၊ ကျောဘက်လက်ဗွေရာဆန်ဆာ ၊ USB-Type C အပေါက် နဲ့ 3,000mAh ဘက်ထရီ တို့ပါ။ Display အပေါ်က ရေစက်ပုံစံ Notch ထဲမှာတော့ 8-megapixel ရှေ့ကင်မရာကို ထည့်ပေးထားပါတယ်။
Xiaomi Mi Play ဖုန်းကို လူတိုင်း လက်လှမ်းမီနိုင်တဲ့ ၁,၀၉၉ ယွမ် ( ဒေါ်လာ ၁၆၀ ခန့်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဝယ်ယူသူတွေအနေနဲ့ ၁၂ လ တိတိ အင်တာနက်ဒေတာ 10GB အခမဲ့ ရရှိသွားမယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့၊ မနက် ၁၀ နာရီကစပြီး တရုတ်နိုင်ငံအတွင်း စတင် ရောင်းချသွားမှာပါ။
Ref: Android Authority, Gadgets NDTV